======

(ယခုဖြစ်စဉ်အား တိကျသည့်အဖြေမထုတ်ပေးနိုင်ပါက NUG ၏ တရားဝင်မှုကို ဆက်လက်ကာကွယ်ပေးနိုင်မည်မဟုတ်ဟု သတိပေး)

မောင်မောင်ကဲ/PSM(News)

မတ် ၂၈ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ၏ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရားဥပဒေကြောင်းအရ ထိရောက်စွာ စစ်ဆေးဖော်ထုတ်ပေးရန်နှင့် မိတ်ဖက်ပဋိပက္ခအား အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာရန် ယနေ့ မေ ၂၈ ရက်တွင် တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့က ပူးတွဲသဘောထား ထုတ် ပြန်သည်။

မင်းကင်းမြို့နယ်အတွင်း ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က SRF ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းအား မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က လုံခြုံရေးအာမခံချက်ဖြင့် တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုပြီးနောက် လမ်းခရီးတွင် ဖြတ်တောက်တိုက်ခိုက်ကာ သေနတ်ပစ်ဖောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ်အတွင်း ဝိုင်းဝန်းကာကွယ်ပေးခဲ့ကြသည့် အပြစ်မဲ့ ဒေသခံပြည်သူများကိုပါ တစ်ဖက်အဖွဲ့အစည်းက ဆက်လက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) အပါအဝင် တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်ကို တိကျသည့် အဖြေမထုတ်ပေးနိုင်ပါက မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် မင်းကင်းမြို့နယ် ပကဖ အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားဝင်မှုအား ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဆက်လက်ကာကွယ်ပေးနိုင်မည်မဟုတ်ကြောင်း သတိပေးထားသည်။

အလားတူ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ကလည်း မေလ ၂၇ ရက်စွဲဖြင့် နောက်ဆက်တွဲ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီး မေလ၂၆ ရက်နေ့က ၎င်းတို့၏ စစ်ရေးနယ်မြေ ဒေသ (၄) ရှိ ရှေ့တန်းပွိုင့်ကုန်းတစ်ခုအား မင်းကင်းမြို့နယ် ပကဖ အဖွဲ့က အင်အားသုံး ပစ်ခတ်စီးနင်းကာ လက်နက်ခဲယမ်းများနှင့်အတူ ရဲဘော် ကို ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း ဆိုထားသည်။

ထို့ပြင် လက်ရှိအချိန်တွင် ဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာနေပြီး ဒေသ (၄) အတွင်းရှိ ကျေးရွာများတွင် စတားလင့်ခ်အင်တာနက်လိုင်းများ ဖြတ်တောက်ကာ သတင်းအမှောင်ချခြင်း၊ တိမ်း ရှောင်နေသည့် ရဲဘော်များ၏ မိသားစုဝင်များကို ဖမ်းဆီးရန် ခြိမ်းခြောက်ခြင်းများ ရှိနေသဖြင့် အရပ်သားပြည်သူများ ထိတ်လန့်နေရကြောင်း SRF ဘက်က ဆိုသည်။

SRF လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသော ပကဖ၊ ပအဖ များ၏ လုပ်ဆောင်ချက်များသည် အမှန်တကယ် NUG ၏ မူဝါဒလမ်းစဉ်အတိုင်း လုပ်ဆောင်နေခြင်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်လိုကြောင်းနှင့် အမှန်တကယ် ညီ ညွတ်ရေးကို ရှေးရှုပါက မိတ်ဖက်ပဋိပက္ခကို စားပွဲဝိုင်းတွင်သာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားသည်။

၎င်းတို့အနေဖြင့် NUG ၏ ကြားဝင်ဖြေရှင်းပေးမှုကို လိုလားလက်ခံပြီး သမာသမတ်ကျသည့် နည်းဥပဒေအတိုင်း စေ့စပ်ညှိနှိုင်းရန် အသင့်ရှိကြောင်းလည်း ဖြည့်စွက်ထုတ်ပြန်ထားသည်။

ပူးတွဲထုတ်ပြန်ချက် ထုတ်ထားသည့် တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့ကလည်း ဖမ်းဆီးခံထားရသည့် SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ အရပ်သားပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် မင်းကင်းမြို့နယ် ပကဖ အဖွဲ့ဝင်များကို NUG အနေဖြင့် ထိရောက်စွာ စစ်ဆေးဖော်ထုတ်အရေးယူရန်နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အင်အားသုံးဖြေရှင်းမည့်အစား SRF၊ NUG၊ NUCC နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းထားသည်။

သို့ရာတွင် ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ မင်းကင်ပအဖ က SRF အဖွဲ့သည် NUG နှင့် စင်ပြိုင်အုပ်ချုပ်ရေး ဖော်ဆောင်ကာ အဖွဲ့ဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင် ဥပဒေမဲ့အမှုပေါင်း ရှစ် ခု ကျူးလွန်ထားသဖြင့် ဆင့်ခေါ်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိ၍ ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်သူ တရားခံများကိုသာ လိုက်လံဖမ်းဆီးခြင်း ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများအနေဖြင့် ထိတ်လန့်ရန်မလိုကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *