မောင်မောင်ကဲ/PSM(News)

မေ ၂၈၊ ၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် အဖွဲ့ရှိရာ ကျေးရွာအနီးသို့ အာဏာလုအစိုးရစစ်တပ်က တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း RCSS ၏ သတင်းထုတ်ပြန်ရေးဌာနတွင် ဖော်ပြထားသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတော်တင်ပွဲ ပြုလုပ်ပြီးနောက် ၎င်းတို့၏ ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ ၂၆ ရက်နေ့က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် နမ့်စန်လေတပ်မှဟု ယူဆရသော စစ်တပ်တိုက်လေယာဉ်တစ်စင်းက ဝမ့်နန်းကျေးရွာ ဝေဟင်ထက်တွင် ခြောက်ကြိမ်တိုင်တိုင် တဖြည်းဖြည်း အနီးကပ် ချဉ်းကပ်လှည့်ပတ်ပျံသန်းကာ ခြိမ်းခြောက်မှု လက္ခဏာများ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ပုံမှန်လေ့ကျင့်ပျံသန်းမှုသာ ဖြစ်ကြောင်း ပြန်လည်ချေပ ပြောဆိုချက်များ ရှိနေသော်လည်း၊ မြေပြင်မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ ပုံမှန်လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန်မျိုး မဟုတ်ဘဲ တမင်သက်သက် ခြိမ်းခြောက်မှုကို ပြသခြင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယခုခရီးစဉ်မှာ ၎င်းတို့အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ တိုင်းရင်းသားပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးသည့် ခရီးစဉ်သက်သက်သာ ဖြစ်သဖြင့် စစ်ရေးပြင်ဆင်မှုတစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ထောက်ရှု၍ စစ်တပ်၏ အဆိုပါ ခြိမ်းခြောက်မှုကို တစ်စုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း RCSS ၏ သတင်းထုတ်ပြန်ရေးဌာနကို ပြောကြားထားသည်။

ရွေးတုအစိုးရက ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးစီမံချက်ကို တရားဝင် ကမ်းလှမ်းထားသော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ကိုက်ညီမှုမရှိသည့် လုပ်ရပ်များကြောင့် နှစ်ဦးနှစ်ဖက် အကြား ယုံကြည်နားလည်မှုများကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထောက်ပြဝေဖန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က ကျရောက်သော ရှမ်းအမျိုးသားနေ့ မိန့်ခွန်းတွင် တိုင်းပြည်ပျက်စီးနေရခြင်းမှာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး မိမိအလိုရမ္မက်အတိုင်း လုပ်ဆောင်နေသည့် တိုင်းပြည်ခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ၏ အတ္တ၊ မာနနှင့် လောဘတို့ကြောင့် ဖြစ်သည် ဟု ဝေဖန်ပြောကြားခဲ့သည်။

“တိုင်းပြည် မငြိမ်မသက်၊ အကျပ်အတည်းဖြစ်လို့ပြည်သူလူထုတွေ ဟာ စစ်ဘေးရှောင်ရခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးရခြင်း၊ နေအိမ် ရပ်ရွာစွန့်ခွာရခြင်းတို့နဲ့ ကြုံခဲ့ရပါတယ်။ ဒါတွေက တိုင်းပြည် ခေါင်းဆောင် တစ်ဦးတစ်ယောက်ရဲ့ အတ္တ၊မာန၊လောဘ ကြီးမားခြင်း၊ လူထုဆန္ဒအတိုင်း မဟုတ်ဘဲ လူတစ်ဦးတည်းရဲ့ သဘော ထားအတိုင်း ဆောင်ရွက်ခြင်းနဲ့ ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်များ အတိုင်း လိုက်နာဆောင်ရွက် မှုမရှိခြင်းရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်” ရှမ်းအမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *