PSM(News) မေ ၂၇၊ ၂၀၂၆ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ သုံး ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်သည် ၎င်းတို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အတိအလင်း ငြင်းဆိုထားပြီး နယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် အစ္စလာမ်မစ် အစွန်း ရောက် စစ်သွေးကြွအဖွဲ့များ၏ အန္တရာယ်ကို ကာကွယ်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ယမန်နေ့ မေ ၂၆ ရက် တွင် ထုတ်ပြန်ကြေညာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ နိုင်ကွန်းချာရီမြို့နယ်အတွင်း ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက် ၁၁ နာရီခန့်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းအနီးအနား၌ တောင်ယာလုပ်ကိုင်နေသည့် အပြစ်မဲ့ ဒေသခံပြည်သူ သုံး ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အပေါ် ULA/AA အနေဖြင့် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်စပ်တစ်လျှောက် လှုပ်ရှားနေကြသော ARSA၊ ARA၊ RSO စသည့် အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့များနှင့် ၎င်းတို့၏ ဝါဒဖြန့် ဆိုရှယ်မီဒီယာအချို့က ယင်းမိုင်းမှာ ULA/AA တပ်ဖွဲ့ဝင်များ ထောင်ထားခြင်းဖြစ်ကြောင်း စွပ်စွဲချက်များအပေါ် ULA/AA က တုံ့ပြန်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယခု ဖြစ်ပွားခဲ့သည့် နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းတွင် ဖြစ်ပြီး အဆိုပါနေရာသည် ARSA၊ ARA၊ RSO စသည့် စစ်သွေးကြွအဖွဲ့များ အဓိက လှုပ်ရှားကျက်စားရာ နယ်မြေတစ်ခုသာဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ARSA၊ ARA၊ RSO စသည့် အဖွဲ့များသည် အာရက္ခတပ်တော် (AA) အနေဖြင့် စစ်ကောင်စီတပ်၏ ထိုးစစ်များကို နှစ်ရှည်လများ ခုခံကာကွယ်နေရသည့် အခြေအနေကို အခွင့်ကောင်းယူကာ နယ်စပ်တစ်လျှောက်နှင့် တောတောင်များအတွင်း မိုင်းထောင်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ လူသတ်ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်းနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို လုယက်ခြင်းတို့ကို ကာလအတန်ကြာ ကျူးလွန်နေခဲ့ကြောင်း ULA/AA က ထောက်ပြထားသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့အကြား သံတမန်ဆက်ဆံရေး တရားဝင်မရှိသေးသော်လည်း၊ နယ်စပ်ဒေသနေ ပြည်သူများ၏ လူမှုစီးပွား၊ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအတွက် နားလည်မှု ရလဒ်ကောင်းများ ရရှိခါနီးအချိန်တွင် နိုင်ငံတကာရောက် အချို့အုပ်စုများက နှစ်ဖက်ဆက်ဆံရေး ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ပြီး ULA/AA အပေါ် နိုင်ငံရေးအရ တိုက်ခိုက်ထိုးနှက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသတစ်လျှောက် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နေကြသော အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ULA/AA က ထုတ်ပြန်ထားသည်။ ပုံစာ- မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကို AA က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံ လွှဲပြောင်းပေးနေစဉ်(၂၀၂၅-ဧပြီ) Post navigation မြိုင်မြို့နယ်၊ လင်းကတောရွာအဝင်တွင် စစ်အုပ်စုစစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၅ဦးသေဆုံး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ရှိနေသည့် ကျေးရွာအနီး အာဏာလုအစိုးရစစ်တပ်က တိုက်လေယာဉ်ဖြင့် ပျံသန်းခြိမ်းခြောက်