PSM(NEWS) မေ ၂၈၊၂၀၂၆ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီယာနှင့်လစ်သူယေးနီးယားနိုင်ငံတို့၏ လေပိုင်နက်အတွင်းသို့ စစ်ဘက်သုံးဒရုန်းများကျူးကျော်ဝင်ရောက်မှုများဆက်တိုက်ဖြစ်ပေါ်နေခြင်းက ယူကရိန်း-ရုရှားစစ်ပွဲ၏ သက်ရောက်မှုများ ပိုမိုကျယ်ပြန့်လာကြောင်း ပြသနေသည်။ ယူကရိန်းကရုရှား၏ရေနံစက်ရုံဆိပ်ကမ်းများကိုတာဝေးပစ်ဒရုန်းများဖြင့်တိုက်ခိုက်ရာတွင်ဒရုန်းအချို့သည် လမ်းကြောင်းလွဲချော်ပြီး NATOအဖွဲ့ဝင်နိုင်ငံများ၏လေပိုင်နက်အတွင်းသို့ရောက်ရှိသွားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်များသည် လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေများကိုဖန်တီးနေပြီး၊လတ်ဗီယာနိုင်ငံတွင်ဆိုလျှင်အစိုးရအဖွဲ့ပြိုလဲသည်အထိ နိုင်ငံရေးအရ သက်ရောက်မှုများ ရှိခဲ့သည်။ မတ်လအတွင်းကစတင်ခဲ့သော အဆိုပါကျူးကျော်မှုဖြစ်စဉ်များကြောင့်ဖင်လန်၊အက်စ်တိုးနီးယားနှင့်လတ်ဗီယာတို့တွင်လေကြောင်းရန်သတိပေးချက်များထုတ်ပြန်ခဲ့ရသည်။ အထူးသဖြင့်မေလလယ်ပိုင်းတွင် ဟယ်လ်စင်ကီမြို့တော်ရှိ ပြည်သူ၁.၈သန်းကိုအိမ်အတွင်း၌သာနေထိုင်ကြရန်ညွှန်ကြားခဲ့ရခြင်းနှင့် လစ်သူယေးနီးယားတွင် လေဆိပ်နှင့် ရထားလမ်းများကို ခေတ္တပိတ်ထားရခြင်းတို့သည်ဒေသတွင်းလုံခြုံရေးစိုးရိမ်မှုမည်မျှမြင့်မားနေသည်ကိုပြသနေသည်။ ယူကရိန်းဘက်ကမူ ၎င်းတို့၏ ဒရုန်းများလမ်းကြောင်းလွဲချော်ရခြင်းမှာ ရုရှား၏အီလက်ထရောနစ် စစ်ရေးနည်းဗျူဟာ ကြောင့်ဖြစ်ကြောင်း ရှင်းလင်းထားသည်။ မေ ၁၉ ရက်ကလည်း NATO ၏ ရိုမေးနီးယားတိုက်လေယာဉ်တစ်စင်းသည်အက်စ်တိုးနီးယားလေပိုင်နက်အတွင်း ဝင်ရောက်လာသော ဒရုန်းတစ်စင်းကို ပစ်ချခဲ့ရသည်။ လက်ရှိတွင်ဒေသတွင်းနိုင်ငံများသည်လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုအားဖြည့်ရန်နှင့်လုံခြုံရေးဆိုင်ရာတုံ့ပြန်မှုများကိုအမြန်ဆုံးလုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ကိုးကား-Reuters Post navigation ဟော်မုတ်ဇ်ရေလက်ကြားတွင် တောင်ကိုရီးယားကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုတွင် အီရန်ဒုံးကျည် ပါဝင်နိုင်ကြောင်းတောင်ကိုရီးယားပြောကြား စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကိုရီးယားနှစ်နိုင်ငံသို့ ရှားရှားပါးပါး ခရီးစဉ်အဖြစ် ရောက်ရှိ