PSM(NEWS)

ဧပြီ ၂၈၊၂၀၂၆

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်သိုနီ ဂျိုရှူအာ သည် ပြီးခဲ့သည့် ဒီဇင်ဘာလက လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ကားမတော်တဆမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လာမည့်ဇူလိုင်လတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ခရစ်ရှတီယန် ပရင်ဂါ နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

“ကျနော် ကြိုးဝိုင်းထဲပြန်ဝင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်စုစည်း တည်ဆောက်နေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီနေ့ဟာ အဲဒီခရီးစဉ်ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုပါပဲ” ဟု အသက် ၃၆ နှစ်အရွယ်ရှိ အန်သိုနီ ဂျိုရှူအာ က ၎င်း၏ပွဲစီစဉ်သူ Matchroom မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

အန်သိုနီ ဂျိုရှူအာ သည် အနိုင် ၂၀ ပွဲနှင့် ရှုံး ၁ ပွဲ ရလဒ်ပိုင်ဆိုင်ထားသည့် အယ်လ်ဘေးနီးယားနိုင်ငံသား ခရစ်ရှတီယန် ပရင်ဂါ နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရီယာ့ဒ်မြို့၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ “The Comeback” ဟု အမည်ပေးထားသည့် အဆိုပါပွဲစဉ်သည် Esports World Cup Festival ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။အန်သိုနီ ဂျိုရှူအာ သည် နောက်ဆုံးအဖြစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က YouTuberဂျိတ် ပေါလ် ကို အလဲထိုးဖြင့် အနိုင်ရရှိထားခဲ့သည်။ ထိုပွဲပြီးနောက် ၁၀ ရက်အကြာတွင် နိုင်ဂျီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ကားမတော်တဆမှုကြောင့် ၎င်း၏သူငယ်ချင်းနှစ်ဦး သေဆုံးခဲ့ပြီး အန်သိုနီ ဂျိုရှူအာ ကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့သည်။

ယခု ခရစ်ရှတီယန် ပရင်ဂါ နှင့် ပွဲစဉ်သည် ပွဲစဉ်အမြောက်အမြား ထိုးသတ်မည့် စာချုပ်သစ်၏ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းတွင် ပရိသတ်များ စောင့်မျှော်နေသည့် ဗြိတိန်ပြိုင်ဘက် တိုင်ဆန် ဖျူရီ နှင့် ထိုးသတ်မည့်ပွဲလည်း ပါဝင်လာနိုင်ကြောင်း သိရသည်။

တိုင်ဆန် ဖျူရီ သည် ၁၅ လကြာ အနားယူနေရာမှ ပြန်လည်ရောက်ရှိလာပြီး ဧပြီလ ၁၁ ရက်နေ့က အာစလန်ဘတ် မက်မူဒေါ့ဗ်ကို အနိုင်ရရှိခဲ့သည့်ပွဲတွင်လည်း အန်သိုနီ ဂျိုရှူအာ ကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့သည်။

“သူတို့ ဒီပွဲပြီးရင် ဘာတွေဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်ကြီးကြီးမားမားရှိတာ ကျနော်သိပါတယ်။ ကျနော့်ကို လျှော့တွက်နေကြတာကိုလည်း ကျေနပ်ပါတယ်။ ဇူလိုင်လ ဆော်ဒီပွဲမှာ သူတို့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို တုန်လှုပ်စေပါ့မယ်” ဟု ခရစ်ရှတီယန် ပရင်ဂါ က ဆိုသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *