PSM(NEWS)

ဧပြီ ၂၇၊ ၂၀၂၆

ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် ဥရောပကုမ္ပဏီ (၇) ခုအပေါ် တရုတ်နိုင်ငံက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းသည် ထိုင်ဝမ်၏ လက်နက်ဝယ်ယူနိုင်စွမ်းကို ထိခိုက်စေမည်မဟုတ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဤသို့ ပိတ်ဆို့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

တရုတ်စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုနှင့် ပတ်သက်၍ ဥရောပကုမ္ပဏီ (၇) ခုကို ၎င်းတို့၏ ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းကာ စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကို ပြီးခဲ့သည့် သောကြာနေ့တွင် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဥရောပကုမ္ပဏီများကို ပစ်မှတ်ထားသည့် ထိုင်ဝမ်နှင့်ပတ်သက်သော တရုတ်၏ ထူးခြားသည့် ပိတ်ဆို့မှုတစ်ခု ဖြစ်သည်။

ထိုင်ဝမ်သည် ၎င်း၏ လက်နက်အများစုကို အမေရိကန်နိုင်ငံထံမှ ဝယ်ယူနေခြင်းဖြစ်သည်။ ဥရောပနိုင်ငံများသည် တရုတ်၏ ဒေါသကို မဆွလိုသောကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ် (၃) ခုခန့်မှစ၍ တိုက်လေယာဉ်ကဲ့သို့သော အကြီးစားစစ်လက်နက်များကို ထိုင်ဝမ်သို့ ရောင်းချခြင်းမရှိတော့ပေ။

လွှတ်တော်အတွင်း မေးမြန်းချက်များကို ဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက “အခုလို အရေးယူမှုမျိုးဟာ ကျွန်တော်တို့ရဲ့ လိုအပ်တဲ့ပစ္စည်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ရှာဖွေဝယ်ယူနိုင်စွမ်းအပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ နားလည်ထားပါတယ်” ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပါ။

ဥရောပနိုင်ငံအများစုသည် တရုတ်၏ တုံ့ပြန်မှုကို စိုးရိမ်သောကြောင့် ထိုင်ဝမ်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ဝန်လေးနေကြသော်လည်း၊ ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းကျူးကျော်မှုနောက်ပိုင်းတွင် အလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံအချို့က ထိုင်ဝမ်အပေါ် ပိုမိုစာနာနားလည်မှု ရှိလာကြသည်။

ယခု တရုတ်၏ ပိတ်ဆို့မှုခံရသော ကုမ္ပဏီ (၇) ခုအနက် (၄) ခုမှာ ချက်နိုင်ငံမှ ကုမ္ပဏီများ ဖြစ်ကြသည်။

ဂျပန်နိုင်ငံက ပြည်ပသို့ လက်နက်တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် ထိုင်ဝမ်အနေဖြင့် ဂျပန်ထံမှ လက်နက်ဝယ်ယူရန် ရှိမရှိ မေးမြန်းရာတွင် ဝန်ကြီးကူးက လက်ရှိတွင် ဂျပန်နှင့် ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာလွှဲပြောင်းရေး သဘောတူညီချက် မရှိသေးကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း “နောင်တစ်ချိန်မှာ ဖြစ်လာနိုင်ချေကိုတော့ ပယ်ထုတ်လို့မရပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာလည်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ အထူးသဖြင့် နိုဝင်ဘာလအတွင်းက ဂျပန်ဝန်ကြီးချုပ် ဆာနာယဲ တာကာအီချီက ထိုင်ဝမ်အပေါ် တရုတ်၏ တိုက်ခိုက်မှုသည် ဂျပန်၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာပါက စစ်ရေးအရ တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ခြင်းကြောင့် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်နေခြင်း ဖြစ်သည်။

ကိုးကား- Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *