PSM(NEWS)

ဧပြီ ၂၈၊၂၀၂၆

ပါရှန်းပင်လယ်ကွေ့ကဲ့သို့ စစ်မီးတောက်နေသည့် ဒေသများရှိ သင်္ဘောများပေါ်တွင် ဖိလစ်ပိုင်သင်္ဘောသားများကို အလှည့်ကျတာဝန်ထမ်းဆောင်ရန် သင်္ဘောပိုင်ရှင်များနှင့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ဆက်လက်ခွင့်ပြုထားသော်လည်း ဘေးအန္တရာယ်ရှိနိုင်သည့် ဒေသများသို့ သွားရောက်ရန် ငြင်းဆိုခွင့်ကို အလုပ်သမားတိုင်းတွင် အပြည့်အဝရှိကြောင်း ဖိလစ်ပိုင်အစိုးရက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“သင်္ဘောသားအသစ်တွေနဲ့ အစားထိုးလဲလှယ်ဖို့ လုပ်ငန်းရှင်တွေကို ကျွန်မတို့ ခွင့်ပြုထားပြီးသားပါ”ဟုရွှေ့ပြောင်းအလုပ်သမားရေးရာဝန်ကြီး ဟန့်စ် ကတ်ဒက်၏ ပြောကြားချက်ကို ကိုးကား၍ သမ္မတရုံး ဆက်သွယ်ရေး ဒုတိယဝန်ကြီးကလဲယား ကက်စထရိုက ဆိုသည်။

သို့သော်လည်း “စစ်မက်ဖြစ်ပွားရာဒေသများ” သို့ တာဝန်ပေးစေလွှတ်ခြင်းကို ဖိလစ်ပိုင်အလုပ်သမားများအနေဖြင့် မိမိတို့ဆန္ဒအလျောက် ငြင်းဆိုပိုင်ခွင့်ရှိကြောင်း ဝန်ကြီး ဟန့်စ် ကတ်ဒက်က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အကြံပြုချက်တွင် ဖော်ပြထားသည်။

ဟော်မုဇ်ရေလက်ကြား အနီး အီရန်တပ်ဖွဲ့များ၏ သိမ်းဆည်းခြင်းခံရသည့် ကုန်သေတ္တာတင်သင်္ဘော နှစ်စင်းပေါ်တွင် ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦး ပါဝင်နေကြောင်း ဝန်ကြီးက အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ သင်္ဘောသားအင်အားစုကို အဓိကပံ့ပိုးပေးနေသည့် နိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *