PSM(News)

ဧပြီ ၂၈၊ ၂၀၂၆

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) တည်ထောင်ခြင်း ၅ နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားကို ယနေ့ ဧပြီ ၂၈ ရက်တွင် ဗဟိုဌာနချုပ်နယ်မြေ၌ ကျင်းပခဲ့ပြီး အထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းများကို ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၂၇ ရက်နေ့တွင် ကျရောက်သော တပ်တော် ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရရှိထားသော စစ်အုပ်စု၏ အကျဉ်းသား သုံ့ပန်းများအပေါ် ပြစ်ဒဏ်လျော့ပေါ့ပေးမှုများ ပြုလုပ်ခဲ့ပြီး သုံ့ပန်း ၁၁ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း SAF ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဗဟိုဌာနချုပ်နယ်မြေတွင် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည် ရဲဘော်များကို အလေးပြု ငြိမ်သက်ခြင်း၊ စစ်ဦးစီးချုပ်၏ မိန့်ခွန်းကို ဖတ်ကြားခြင်းနှင့် ရဲဘော်များ၏ အားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည်။

စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာ၏ တပ်တော် ၅ နှစ်ပြည့် မိန့်ခွန်းတွင် စစ်အုပ်စု၏ ယာယီအားသာ ချက်များသည် လူထု၏ ပိုမိုပြင်းထန်သော တုံ့ပြန်မှုကြောင့် မကြာခင်မှာပင် စစ်အုပ်စုအတွက် သေလောက်သည့် ဒဏ်ရာများ ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် SAF အနေဖြင့် ယခုနှစ်အတွင်း ရန်သူ၏ အသည်းနှလုံးဖြစ်သော မြန်မာပြည်အလယ်ပိုင်းတွင် ခြေကုပ်ယူထားနိုင်ပြီဖြစ်၍ စစ်အုပ်စု၏ အသက် သွေးကြော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များကို ခြိမ်းခြောက်စစ်ဆင်သွားမည်ဖြစ်ကြောင်းနှင့် အလယ်ပိုင်းဒေသ၌ လွတ်မြောက်နယ်မြေများ ပေါ်ပေါက် ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို ၂၀၂၁ ၊ ဧပြီ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မကွေးတိုင်းအပါအဝင် မြန်မာပြည်အလယ်ပိုင်း စစ်မျက်နှာများတွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

ဓာတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော် (SAF)

ပုံစာ- SAF ၅ နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် ကျင်းပသည့် မြင်ကွင်း၊

By Htet Ko

You missed