PSM(NEWS)

ဧပြီ ၂၈၊၂၀၂၆

အမေရိကန်နှင့် မဟာမိတ်များ၏ Balikatan 2026 စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံက ပထမဆုံးအကြိမ် စစ်ဆင်ရေးကဏ္ဍမှ ပါဝင်လာချိန်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ တိုက်ခိုက်ရေးစမ်းသပ်မှု ဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့သည်။

အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်-ဖိလစ်ပိုင်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်စစ်တပ်က YJ-20 ဟိုက်ပါဆိုးနစ်သင်္ဘောဖျက်ဒုံးကျည်များ ပစ်ခတ်သည့် ရုပ်သံမှတ်တမ်းကို ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်က ထုတ်လွှင့်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ဖွင့်လှစ်ထားသော China Military Bugle လူမှုကွန်ရက်စာမျက်နှာတွင် PLA ရေတပ်၏ ပင်လယ်ပြင်တိုက်ခိုက်ရေး စမ်းသပ်မှုဗီဒီယိုကို တနင်္ဂနွေနေ့က တင်ခဲ့ပြီး ၎င်းတွင် YJ-20 ဒုံးကျည်အမြောက်အမြား ပစ်ခတ်မှုများ ပါဝင်သည်။ ၎င်းဒုံးကျည်များကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပစ်ခတ်ခဲ့သည်ကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

သို့သော်လည်း အမျိုးအစား 055 ဖျက်သင်္ဘော Zunyiဦးဆောင်သော ရေတပ်ဖွဲ့စုသည် ဖိလစ်ပိုင်ကျွန်းစုဖြစ်သည့် လူဇုန် အရှေ့ဘက် ရေပြင်တွင် ကျည်စစ်ပစ်ခတ်မှုနှင့် လေကြောင်း-ရေကြောင်း ပူးတွဲလေ့ကျင့်မှုများကို “မကြာသေးမီက ပြုလုပ်ခဲ့သည်” ဟု ဘေဂျင်းက ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် ယခုဗီဒီယို ထွက်ပေါ်လာခြင်းဖြစ်သည်။

အချို့သော ဗီဒီယိုဖိုင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အမျိုးအစား 055 ဖျက်သင်္ဘော Wuxi မှ YJ-20 စမ်းသပ်ပစ်ခတ်မှုနှင့် တူညီနေသော်လည်း တနင်္ဂနွေနေ့က ထွက်ပေါ်လာသော ရုပ်သံတွင်မူ ယခင်က မမြင်ဖူးသေးသော ဒုံးကျည်ပစ်ခတ်မှု မြင်ကွင်းအသစ်နှစ်ခု ပါဝင်လာခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးကို အဓိကတာဝန်ယူရသည့် PLA တောင်ပိုင်းစစ်ဌာနချုပ်က သောကြာနေ့တွင် ပြောကြားရာ၌ Zunyiဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများသည် “လက်ရှိဒေသတွင်း အခြေအနေများကို တုံ့ပြန်ရန်အတွက် လိုအပ်သော လုပ်ဆောင်ချက်များ” ဖြစ်ကြောင်း ဆိုခဲ့သည်။

ကိုးကား- SCMP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *