PSM(NEWS)

ဧပြီ ၂၈၊၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်နေသည့် ဝါရှင်တန်ညစာစားပွဲတွင် လုံခြုံရေးစည်းကို ဖောက်ဖျက်ကာ အမေရိကန် သမ္မတလုံခြုံရေးအဖွဲ့ (Secret Service) အေးဂျင့်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို တနင်္လာနေ့တွင် တရားရုံးထုတ်ပြီး ရာဇဝတ်မှုများဖြင့် စွဲချက်တင်မည်ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့မှ အသက် ၃၁ နှစ်အရွယ် ကိုးလ် တောမတ်စ် အလန် သည် ဝါရှင်တန် ဖက်ဒရယ်တရားရုံးသို့ ပထမဆုံးအကြိမ် လာရောက်ရမည်ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးသမားများနှင့် သတင်းထောက်များ တက်ရောက်သည့် အိမ်ဖြူတော် သတင်းထောက်များအသင်း၏ နှစ်ပတ်လည် ညစာစားပွဲတွင် တိုက်ခိုက်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်အစိုးရရှေ့နေ ဂျီနင်း ပီရို ၏ ပြောကြားချက်အရ ကိုးလ် တောမတ်စ် အလန် အား ဖက်ဒရယ်အရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အကြမ်းဖက်မှုတွင် လက်နက်အသုံးပြုမှုတို့ဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယာယီပြည်ထောင်စု ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပါအဝင် အခြားစွဲချက်များလည်း ထပ်မံတိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် မိသားစုဝင်များထံ “ဖော်ရွေသော ဖက်ဒရယ်လူသတ်သမား” ဟု ကိုယ်တိုင်ခေါ်ဆိုထားသည့် ကြေညာချက်တစ်စောင် ချန်ထားခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော အဆိုပါ ပစ်ခတ်မှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့် ကို လုံခြုံရေးများက စင်ပေါ်မှ အမြန်ဆုံး ခေါ်ထုတ်သွားခဲ့ရသည်။ ပစ်ခတ်ခံရသည့် သမ္မတလုံခြုံရေးအဖွဲ့ အေးဂျင့်မှာမူ ကျည်ကာအင်္ကျီ ဝတ်ဆင်ထားသဖြင့် စိုးရိမ်စရာမရှိဘဲ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

ကိုးကား Reuters

By Htet Ko