PSM(NEWS) မတ် ၂၈၊ ၂၀၂၆ အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် အစားအစာ ပြတ်လပ်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်သွယ်မှုများ ဆက်လက်စီးဆင်းနိုင်စေရန် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။ “ဒီစစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျော့ပါးသက်သာစေဖို့အတွက် အရေးပေါ်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူးဂျရစ် က ဆိုသည်။ ယင်းစီမံကိန်းကို ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အမှုဆောင်ညွှန်ကြားရေးမှူး၊ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဂျော့ခ်ျ မော်ရီရာ ဒါ ဆေးလ်ဗား က ဦးဆောင်မည်ဖြစ်ကြောင်း စတီဖနီ ဒူးဂျရစ် က ဆက်လက်ပြောကြားသည်။ အဆိုပါ လုပ်ငန်းအဖွဲ့သည် ယူကရိန်းအတွက် ဖော်ဆောင်ခဲ့သည့် “ပင်လယ်နက်အတွင်း ကောက်ပဲသီးနှံများ တင်ပို့နိုင်ရေး အစီအစဉ်” (Black Sea Grain Initiative) နှင့် ဂါဇာဒေသအတွက် ကျင့်သုံးနေသည့် “ကုလသမဂ္ဂ ၂၇၂၀ ယန္တရား(UN2720 Mechanism) တို့ကို စံနမူနာယူ၍ ဖော်ဆောင်သွားမည်ဖြစ်သည်။ “အဖွဲ့ဝင်နိုင်ငံအားလုံး၊ အထူးသဖြင့် စစ်ပွဲဒဏ်ကို ခံစားနေရသူတွေအတွက် ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။ ဓာတ်မြေဩဇာ တင်ပို့မှုများ ပြတ်တောက်ခြင်းနှင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ထိခိုက်လွယ်သည့် နိုင်ငံများတွင် အစားအစာဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂနှင့် အခြားကျွမ်းကျင်သူများက သတိပေးထားသည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ချက်အရ အီရန်စစ်ပွဲသည် ဇွန်လအထိ ဆက်လက်ဖြစ်ပွားနေပါက လူသန်းပေါင်းများစွာမှာ ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ အခြားတစ်ဖက်တွင်လည်း အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကာလ တစ်လပြည့်လာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာပြီး သမ္မတအပေါ် လူထုထောက်ခံမှု ကျဆင်းလာခြင်းကြောင့် စစ်ပွဲမှ နုတ်ထွက်ရန် သဘောတူညီချက်တစ်ခု ရှာဖွေရမည်လား သို့မဟုတ် စစ်ရေးအရ ပိုမိုမြှင့်တင်ဆောင်ရွက်ရမည်လားဆိုသည့် ခက်ခဲသော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သတင်းတွင် ဖော်ပြထားပါသည်။ ကိုးကား Reuters Post navigation အာတီမစ် (Artemis) လကမ္ဘာခရီးစဉ်အတွက် အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ (NASA) ၏ အာကာသယာဉ်မှူးများ နောက်ဆုံးအဆင့် ပြင်ဆင်မှုများ စတင် အီရန်စစ်ပွဲ အခြေအနေနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး