PSM (News)

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က Zoom Platform မှတစ်ဆင့် တွေ့ဆုံ၍ တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသည့် မူဝါဒ၊ စစ်ရေးနှင့် ကွပ်ကဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ NUG အစိုးရဘက်မှ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး SRA ဘက်မှ ဦးဆောင်ကော်မတီ ဝင်များနှင့် ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒများ၊ ရှေ့တန်းစစ်မျက်နှာဆိုင်ရာ ကိစ္စရပ်များနှင့် ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုများ ၊ ထိရောက်ရှင်းလင်းသည့် အမိန့်ပေးကွပ်ကဲမှုစနစ်(CoC) တစ်ရပ် ပေါ်ပေါက်လာစေရေးနှင့် နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍများကို ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့သည်။

အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချမှတ်ခဲ့ကြပြီး တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်ရန် သဘောတူ ညီခဲ့ကြသည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် BPLA၊ KNDF၊ CB၊ MSRF၊ DPLF နှင့် မကွေး/စစ်ကိုင်း PDF များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး အတွက် ရည်မှန်းထားသည့် အဖွဲ့အစည်းဖြစ်သည်။

#NUG

#SRA

#စစ်ရေး

#နိုင်ငံရေး

#ကွပ်ကဲမှု

#ရှေ့လုပ်ငန်းစဉ်ချမှတ်

#PSM_News

By Htet Ko