PSM(News)

ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းခရိုင် စစ်ဌာန နယ်မြေအတွင်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖွင့်လှစ်ထားသော ကုန်းကြောင်း၊ ရေကြောင်း ဂိတ်များအားလုံးကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ပိတ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် ကွပ်ကဲရေးအဖွဲ့က အမိန့်ထုတ်ပြန်သည်။

စစ်ကိုင်းခရိုင် ကွပ်ကဲရေးအဖွဲ့၏ ဖေဖော်ဝါရီ ၂၅ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၂၆) အရ စစ်ကိုင်း ခရိုင်အတွင်းရှိ PDF တပ်ရင်းများ၊ ပကဖများနှင့် Local PDF များ ဖွင့်လှစ်ထားသည့် အလှူခံဂိတ်၊ အခွန်ဂိတ်၊ စစ်ဆေးရေးဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်နှင့် မဲရောင်းဂိတ် အစရှိသော ကုန်းကြောင်း၊ ရေကြောင်း ဂိတ်များအားလုံးကို သတ်မှတ်ချိန်အတွင်း အပြီးအပိုင် ပိတ်ရမည်ဖြစ်သည်။

ထို့ပြင် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ရိက္ခာ သို့မဟုတ် လက်နက်ခဲယမ်းဝယ်ယူရန် အကြောင်း ပြ၍ ရန်ပုံငွေရှာဖွေခြင်းများကိုလည်း ရှောင်ကြဉ်ရန် ညွှန်ကြားထားပြီး တပ်ရင်း/တပ်ဖွဲ့ များအနေဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိပါက အထက်အဆင့်ဆင့်သို့ စနစ်တကျ တင်ပြတောင်းခံရန် ဖော်ပြပါရှိသည်။

အဆိုပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက အမျိုးသားညီညွတ်ရေးအစိုးရမှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ သတိပေးထားသည်။

#NUG

#ကာကွယ်ရေးဝန်ကြီးဌာန

#စစ်ကိုင်းခရိုင်

#ဂိတ်များပိတ်ရန်အမိန့်

#PSM_News

By Htet Ko