PSM(NEWS) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများတွင် ယူရေနီယံ သန့်စင်မှုလုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခြင်းရှိ၊မရှိနှင့် သိုလှောင်ထားသည့် ယူရေနီယံ ပမာဏကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အနေဖြင့် စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက အီရန်နှင့် အမေရိကန်တို့ ၁၂ရက်ကြာ စစ်ပွဲအတွင်း ဗုံးကြဲခံခဲ့ရသည့် နျူကလီးယားစက်ရုံများကို IAEA စစ်ဆေးရေးမှူးများအား ဝင်ရောက်ခွင့် မပေးခြင်းကြောင့် ယခုကဲ့သို့ စစ်ဆေးရန် အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။ IAEA၏ အစီရင်ခံစာတွင် အီရန်ရှိ ယူရေနီယံသန့်စင်စက်ရုံ ၄ ခု လုံးသို့ ဝင်ရောက်ခွင့် မရခြင်းသည် အရေးတကြီး ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း ဖော်ပြထားသည်။ အီရန်နိုင်ငံသည် လက်ရှိတွင်နျူကလီးယား လက်နက်ထုတ်လုပ်ရန် အဆင့်မြင့်ယူရေနီယံ ၄၄၀.၉ ကီလိုဂရမ်အထိ သိုလှောင်ထားနိုင်ကြောင်း ခန့်မှန်းရပြီး၊ ယင်းပမာဏသည် နျူကလီးယားဗုံး ၁၀ လုံးခန့် ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်ကြောင်း IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော့စီ က သတိပေးထားသည်။ ထို့အပြင် ဂြိုဟ်တုဓာတ်ပုံများအရ အီရန်နိုင်ငံရှိ နတ်တန်ဇ် နှင့် ဖိုဒို စက်ရုံများတွင် လှုပ်ရှားမှုအချို့ ရှိနေသည်ကို တွေ့ရှိရသော်လည်း ဝင်ရောက်ခွင့် မရရှိသဖြင့် အဆိုပါလှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ကို အတည်မပြုနိုင်သေးကြောင်း IAEA က ပြောကြားသည်။ အီရန်အစိုးရကမူ ၎င်းတို့၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်သာဖြစ်ကြောင်း၊ လက်ရှိစစ်ရေးတင်းမာမှု အခြေအနေများကြောင့် IAEAအနေဖြင့် ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်ရန် လက်တွေ့မကျကြောင်း ပြောကြားထားသည်။ လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့သည် အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဂျီနီဗာမြို့တွင် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တိကျသော သဘောတူညီချက် မရရှိသေးကြောင်း သိရသည်။ ကိုးကားAP #PSM_News #သဘောတူညီချက်မရ #အီရန် #အဏုမြူစွမ်းအင်အေဂျင်စီ #ယူရေနီယံသန့်စင်မှု #နျူကလီးယား #အမေရိကန် Post navigation အမေရိကန်အစိုးရက နိုင်ငံတွင်း ဝင်ရောက်ခွင့်ရပြီးသား ဒုက္ခသည်များကို ဖမ်းဆီးစစ်ဆေးနေ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ သေဆုံးကြောင်း ဒေါ်နယ်ထရမ့် အတည်ပြု