PSM(NEWS)

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် နိုင်ငံတွင်းသို့ တရားဝင် အခြေချခွင့် ရရှိပြီးသားဒုက္ခသည်များကို ပြန်လည်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် မေးခွန်းထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ဝင်ရောက်လာခဲ့သည့် ဒုက္ခသည် ၅,၆၀၀ ခန့်ကို အဓိကထား စစ်ဆေးနေခြင်းဖြစ်ပြီး၊ အဆိုပါသူများသည် အမြဲတမ်းနေထိုင်ခွင့် (Green Card)မရရှိသေးသဖြင့်ဖမ်းဆီးခံရနိုင်ခြေ ပိုမိုမြင့်မားနေသည်။

လက်ရှိတွင် မင်နီဆိုတာပြည်နယ်၌ ဒုက္ခသည်များကို ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းများ လုပ်ဆောင်နေသည့် အပေါ် ဖက်ဒရယ်တရားသူကြီးတစ်ဦးက ယာယီရပ်ဆိုင်းရန် ဇန်နဝါရီလတွင် အမိန့်ချမှတ်ထားသည်။

အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) သည် ဗင်နီဇွဲလားအမျိုးသမီးနှစ်ဦးနှင့် ကွန်ဂိုဒုက္ခသည် တစ်ဦးတို့ကို ဖမ်းဆီးကာ ဟူစတန်မြို့ရှိ ထိန်းသိမ်းရေးစခန်းများသို့ ခေါ်ဆောင်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမှ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးလာပြီး စိန့်ပေါလ်မြို့တွင် အခြေချနေထိုင်သည့် အသက် ၄၆ နှစ်အရွယ် စောဘမြဂျိမ်း ဆိုသူသည်လည်း၎င်း၏ဒုက္ခသည် အဆင့်အတန်းအား ပြန်လည်စစ်ဆေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အကြောင်းကြားစာ ရရှိခဲ့သည်။

“ကျွန်တော့်ကို အိမ်မှာပဲနေဖို့ ပြောတဲ့အတွက် အိမ်မှာပဲနေပြီး မိသားစုနဲ့အတူ ဆုတောင်းခဲ့ပါတယ်” ဟု ဂျိမ်း က ပြောကြားသည်။ ၎င်းသည် လက်ရှိတွင် ဒုက္ခသည်များအား လူသားချင်းစာနာစွာ ဆက်ဆံရန် တောင်းဆိုထားသည့် အသင်းတော်စာရွက်စာတမ်းကို အမြဲဆောင်ထားကြောင်း သိရသည်။

၁၉၈၀ခုနှစ်တွင် ဒုက္ခသည်ဆိုင်ရာ အက်ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း၊ အမေရိကန်အစိုးရသည် ဒုက္ခသည်များကို ပြန်လည်စစ်ဆေးခြင်းမရှိဘဲ အကာအကွယ် ပေးခဲ့သည်။

သို့သော်လည်း ယခုထရမ့်အစိုးရ၏ ဆောင်ရွက်ချက်မှာ ယခင်ကျင့်သုံးခဲ့သည့် ဥပဒေမူဝါဒများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများနှင့် အကူအညီပေးရေး အဖွဲ့များက ထောက်ပြကြသည်။

အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန(USCIS) ပြောရေးဆိုခွင့်ရှိသူ မက်သရူး ထရက်ဂတ်ဆာကမူ ဒုက္ခသည်များသည် အမေရိကန်တွင် ၁ နှစ် နေထိုင်ပြီးနောက် ပြည့်စုံစွာစစ်ဆေးခံရန် လိုအပ်ကြောင်း၊ ၎င်းသည် ဥပဒေအရ သတ်မှတ်ချက်သာ ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ကိုးကား AP

#PSM_News

#အမေရိကန်

#စောဘမြဂျိမ်း

#ဒုက္ခသည်

#ဖမ်းဆီးစစ်ဆေး

#ဥပဒေမူဝါဒ

By Htet Ko