PSM(News)

ဇန်နဝါရီ ၂၈၊ ၂၀၂၆

စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲများကို ဟန့်တားရန်နှင့် ၎င်းတို့၏တပ်များကို အကြောက် တရားဖြစ်စေရန် ရည်ရွယ်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့က ပုလောမြို့နယ်အတွင်း ဒရုန်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှစတင်၍ ဇန်နဝါရီလအတွင်း ပုလောမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများနှင့် ဂိတ်စခန်းများကို ဗုံးသီးအလုံးပေါင်းများစွာဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNLA က ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က တောင်ယာကမ်းရွာလမ်းဆုံမှ လှည်းကျွန်းဝရွာသို့ စစ်ကြောင်းထိုး လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ကို KNLA အထူးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ နှစ် ဦး သေဆုံးပြီး ငါး ဦး ပြင်းထန်ဒဏ်ရာရရှိသည့်အပြင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် KNLA အထူးတပ်ဖွဲ့သည် ဒရုန်းနည်းပညာကို အသုံးပြု၍ စစ်ကော်မရှင်၏ အထိုင်စခန်းများ ဖြစ်သည့် ကျောက်စုဂိတ်၊ ပုလောမြို့ အမှတ် (၅) ဂိတ်နှင့် အမှတ် (၄) ဝန်ထမ်းအိမ်ရာတို့အပြင် နန်းတောင်ရွာစခန်းကုန်းနှင့် တောင်ယာကမ်းရွာဂိတ်များကိုလည်း ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒီဇင်ဘာ ၂၈ ရက်တွင်လည်း နန်းတောင်စခန်း၊ ကျောက်စုဂိတ်၊ ပုလောမြို့အမှတ် (၇) ဂိတ်နှင့် တောင်ယာကမ်းရွာဂိတ်များကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် အနည်းဆုံး တစ် ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA အထူးတပ်ဖွဲ့သည် တော်လှန်ရေးအောင်မြင်ရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်စွဲထားသည့် နေရာများ အနီးတွင် နေထိုင်ခြင်းမပြုရန် အထူးသတိပေးထားသည်။

#PSM_News

#KNLA

#တပ်မဟာ၄

#ပုလော

#ဒရုန်းတိုက်ခိုက်မှု

#ရွေးကောက်ပွဲ

#မိုင်းဆွဲတိုက်ခိုက်မှု

By Htet Ko