PSM(News)

ဇန်နဝါရီ ၂၈ ရက်

မြန်မာ့ဂီတလောကတွင် ပရိသတ်အခိုင်အမာရရှိထားသည့် Big Bag အဖွဲ့၏ တေးစီးရီးအသစ် “B-SIDE” ကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထွက်ရှိတော့မည်ဖြစ်ကြောင်း အဆိုတော် ကျားပေါက်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးလိုက်သည်။

အဆိုပါ Album သစ်တွင် တေးသီချင်း စုစုပေါင်း ၁၃ ပုဒ် ပါဝင်မည်ဖြစ်ပြီး၊ လက်ရှိတွင် iTunes နှင့် Spotify တို့၌ Pre-order ဝယ်ယူထားသူများနှင့် Pre-save လုပ်ထားသူများအတွက် “သူရဲကောင်း မလိုဘူး” အမည်ရသည့် သီချင်းသစ်တစ်ပုဒ်ကို စတင်နားဆင်နိုင်ရန် ပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ Big Bag အဖွဲ့ရဲ့ B-SIDE Album ကို Pre-order ဝယ်ထားတဲ့သူတွေ၊ Pre-save လုပ်ထားတဲ့သူတွေ မနေ့ကစပြီး အဲ့ဒီအခွေထဲက ‘သူရဲကောင်းမလိုဘူး’ ဆိုတဲ့ သီချင်းကို နားထောင်လို့ ရနေပါပြီ” ဟု ကျားပေါက်က ဆိုသည်။

အဆိုတော် ကျားပေါက်(ဟန်ထူးလွင်)သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ခြင်းကြောင့် ပြည်ပသို့ ထွက်ခွာခဲ့ရသူဖြစ်ပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ နေထိုင်လျက်ရှိသည်။

ထိုသို့ အဝေးရောက်နေထိုင်စဉ်အတွင်း စစ်အာဏာသိမ်းမှု ဖြစ်စဉ်များကို အခြေခံသည့် ကိုယ်တွေ့ ဖြစ်ရပ်စာအုပ် ထုတ်ဝေခြင်း၊ ပန်းချီနှင့် ကာတွန်းရေးဆွဲခြင်းအပြင် အနုပညာဖန်တီးမှုများကို အဆက် မပြတ် လုပ်ဆောင်နေသူလည်း ဖြစ်သည်။

“ဝေးသွားလည်း”၊ “နားလည်ပါ”၊ “ကျွန်တော်မသိခြင်းများ” ကဲ့သို့ မှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် သီချင်း များစွာကို ဖန်တီးခဲ့သော Big Bag အဖွဲ့အနေဖြင့် ယခု Album သည် စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးကာလအတွင်း ပထမဆုံး ထွက်ရှိလာသည့် တေးစီးရီးဖြစ်သည်။

ထို့ကြောင့် Big Bag ပရိသတ်များက အဆိုပါ Album ထွက်ရှိလာမည့်ရက်ကို စိတ်ဝင်တစား စောင့်မျှော် နေကြကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရ သည်။

#PSM_News

#BigBag

#ကျားပေါက်

#BSIDE

#သူရဲကောင်းမလိုဘူး

By Htet Ko