PSM(News)

ဇန်နဝါရီ ၂၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများသည် ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) မှ ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းကို သတင်းအရ ကြိုတင်စောင့်ဆိုင်း၍ မင်းကွန်းတိုက်နယ်၊ ချောင်းမကြီးကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ နှင့်အတူ Mingun PDF၊ People Servant Force၊ ရတနာပုံတပ်ဦး၊ No More Dictatorship (NMD)၊ GS Force နှင့် ဥဒေါင်းမင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့က မဟာမိတ်ညီနောင်များအဖြစ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“သတင်းအရ အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင်ဘက်က ၁၀ ဦးဝန်းကျင်လောက် ထိခိုက်သေဆုံးမှုရှိပြီး စစ်ကြောင်းလန်ကာ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားတယ်” ဟု ယူနီကွန်းပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရာတွင် အဆိုပါစစ်ကြောင်း သည် ချောင်းမကြီးကျေးရွာအတွင်းသို့ ဝင်ရောက်၍ ထပ်မံဆုတ်ခွာသွားကြောင်း သိရသည်။

စစ်ကော်မရှင်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာမိတ်အင်အားဖြင့် တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကော် မရှင် တပ်ဖွဲ့ဝင်များ အထိနာလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ရုပ်သံ-ယူနီကွန်းပြောက်ကျားတပ်

#PSM_News

#စစ်ကိုင်း

#မင်းကွန်း

#တပ်မ၃၃

#PDF

#မဟာမိတ်တပ်ဖွဲ့

#ယူနီကွန်းပြောက်ကျားတပ်

By Htet Ko