PSM(News) ဇန်နဝါရီ ၂၈ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်ရေးယန္တရား အတွက် အဓိကကျသည့် ပြည်ထဲရေးဝန်ကြီးဌာနကို စိတ်တိုင်းကျခြင်းမရှိဘဲ လေးဦးမြောက် ဝန်ကြီး အဖြစ် ထပ်မံလဲလှယ်ခဲ့သည်။ စစ်ခေါင်းဆောင်သည် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ရာထူးမှ ဖယ်ရှားကာ ၎င်း၏ နေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၇ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တစ်နှစ်တိတိသာ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် မူလစစ်ဘက်တာဝန်များသို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ၎င်းမတိုင်မီက ပြည်ထဲရေးဝန်ကြီးများဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ အဂတိမှုဖြင့် ထောင်ဒဏ်ချ မှတ်ခြင်းခံခဲ့ရသလို ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည်လည်း ကာလတိုအတွင်း ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီးအဖြစ် ဆက်လက်ထားရှိခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ရာထူးမှရပ်ဆိုင်းကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ ယခု ပြည်ထဲရေးဝန်ကြီးအသစ် ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် OTS-၇၃ ဆင်းဖြစ်ပြီး စစ်ရေးချုပ်တာဝန်အပြင် စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်များကိုပါ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမှာ ဝန်ကြီးဌာနကို စစ်ဘက်အသွင် ပိုမိုပြောင်းလဲ၍ တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်ကို စစ်ဘက်သို့ပြန်လည်ပို့ဆောင်ကာ ဒုစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူကို အစားထိုး ခန့် အပ်ခဲ့သည်။ စစ်ခေါင်းဆောင်က အာဏာသိမ်း ၅ နှစ်တာအတွင်း ပြည်ထဲရေးဝန်ကြီးနေရာကို လူယုံမတွေ့ဘဲ မကြာခဏ လဲလှယ်နေခြင်းသည် စစ်ကော်မရှင် ထိပ်ပိုင်းအရာရှိကြီးများအကြား ယုံကြည်မှု ကင်းမဲ့နေ သည်ကို ပြသနေခြင်းဖြစ်သည်။ #PSM_News #စစ်ကော်မရှင် #ပြည်ထဲရေး #ရာထူးလဲလှယ်မှု #ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ် Post navigation 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(27.1.2026) မင်းကွန်းတွင် စစ်ကော်မရှင် စစ်ကြောင်းကို PDF မဟာမိတ်အဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၀ ဦးခန့် သေဆုံး၍ စစ်ကြောင်းလန်ပြီး ဆုတ်ခွာ