PSM (News)

ဇူလိုင် ၂၇၊ ၂၀၂၆

ဂျပန်နိုင်ငံ၊ ဖူကူယိုနာလေဆိပ်တွင် အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်း၏ မိသားစုဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အကျေအလည် စုံစမ်းစစ်ဆေးပေးကြရန် တောင်းဆိုနေကြကြောင်း သိရသည်။ အဆိုပါ အမျိုးသမီး သယ်ဆောင်လာခဲ့သည့် ကော်ဖီထုပ်အတွင်း၌ မက်သ်အဖက်တမင်း (ခေါ်) ICE မူးယစ်ဆေးဝါးများ ဝှက်ယူသယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးသည် ဂျပန်နိုင်ငံသို့ ၁၂ ကီလိုဂရမ် ရှိသော ပါဆယ်ထုပ်တစ်ခုကို သယ်ဆောင်ပေးရန် ဘတ်ငွေ ၃,၆၀၀ ပေးချေ ငှားရမ်းခဲ့သူတစ်ဦး၏ လှည့်စားခြင်းကို ခံခဲ့ရဖွယ်ရှိပြီး၊ ထို့နောက် အဆိုပါ ဖောက်သည်ဖြစ်သူမှာ ပျောက်ကွယ်သွားကာ ဆက်သွယ်မှုမှန်သမျှကို ပိတ်ပင်သွားခဲ့ကြောင်း မိသားစုဝင်များက ယုံကြည်နေကြသည်။

သမီးဖြစ်သူအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် လုံးဝ ပတ်သက်ဖူးခြင်း မရှိကြောင်း မိဘများက အခိုင်အမာ ပြောကြားခဲ့ကြပြီး ပါဆယ်ထုပ် ပေးပို့ခဲ့သူအား ထိုင်းအာဏာပိုင်များအနေဖြင့် စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုလျက်ရှိသည်။

အလားတူ ဖြစ်ရပ်မျိုးအနေဖြင့် ဩစတေးလျနိုင်ငံ၊ မယ်လ်ဘုန်းလေဆိပ်တွင်လည်း ထိုင်းလေကြောင်းလိုင်းမှ အသက် ၂၆ နှစ်အရွယ် ထိုင်းလေယာဉ်မယ်တစ်ဦးသည် အိတ်များအတွင်း ဖုံးကွယ်သယ်ဆောင်လာခဲ့သည့် အလေးချိန် ၁ ကီလိုဂရမ်ကျော်ရှိ ဘိန်းဖြူများနှင့်အတူ ဇွန်လ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရသေးကြောင်း သိရသည်။

ကိုးကား – Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *