PSM(News) ဇူလိုင်လ ၂၇၊၂၀၂၆ ပြင်သစ်နိုင်ငံ၊ ဘော်ဒိုးမြို့အနီးတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက တနင်္ဂနွေနေ့တွင် အပြင်းအထန် ကြိုးပမ်းနေကြပြီး အာဏာပိုင်များကလည်း မြို့ပြဆင်ခြေဖုံးဒေသများမှ ဒေသခံများကို ဆက်လက် ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ဥရောပတိုက်အနှံ့ ပြင်းထန်သော နွေရာသီ အပူလှိုင်းဒဏ်ကို ခံစားနေရစဉ် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွင်လည်း တောမီးများ ဖြစ်ပွားလျက်ရှိပြီး အိမ်နီးချင်း စပိန်နိုင်ငံတွင်လည်း အမျိုးသားအရေးပေါ်အခြေအနေ ကြေညာထားရကာ ဗလင်စီယာမြို့အနီး တောမီးလောင်ကျွမ်းမှုကြောင့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘော်ဒိုးမြို့တော်ဝန် သွန်မတ်စ် ကာဇယ်နာဗ့်က မြို့တော်၏ အဓိက ဝင်ပေါက်များနှင့် ၁၅ ကီလိုမီတာ (၉ မိုင်ခန့်) အကွာအဝေးတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရန့် နူညက်ဇ်ကလည်း လက်ရှိ အခြေအနေမှာ ယေဘုယျအားဖြင့် “ခက်ခဲဆဲ” ဖြစ်ကြောင်း လူမှုကွန်ရက် X တွင် ရေးသားဖော်ပြခဲ့သည်။ အစောပိုင်း ရက်ပိုင်းအတွင်းက တောမီးများ စတင်လောင်ကျွမ်းခဲ့ပြီး အကွီတိန် ဒေသအတွင်းရှိ နာမည်ကျော် နွေရာသီ အနားယူရာ ကမ်းခြေဒေသတစ်ခုဖြစ်သော ကပ်ဖ်ဖာရေး အထိ မီးကူးစက်ရောက်ရှိခဲ့သဖြင့် အာဏာပိုင်များက အနောက်တောင်ပိုင်း ပြင်သစ်ဒေသမှ လူဦးရေ ၂၂၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ဒေသခံ တောင်သူလယ်သမားများလည်း မီးသတ်သမားများအား ဝင်ရောက် ကူညီပေးလျက်ရှိကြသည်။ ကိုးကား-Reuters Post navigation တယ်အဗစ်မြို့တွင် အစ္စရေး အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြသူများကို အစ္စရေးရဲတပ်ဖွဲ့ ဖမ်းဆီး ဂျပန်နိုင်ငံ ဖူကူယိုနာလေဆိပ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ