PSM (News) ဇွန် ၂၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း၌ နယ်မြေစိုးမိုးရေး ပြန်လည်ရယူရန်အတွက် ပုလဲမြို့ပေါ်သို့ အာဏာလုစစ်အုပ်စု၏ စစ်ကြောင်းတစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ရောက်ရှိ နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ပုလဲမြို့ပေါ်သို့ ရောက်ရှိနေသည့် အဆိုပါ စစ်ကြောင်းတွင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ နှင့် ၃၀၀ ကြား ရှိနိုင်ကြောင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ “စစ်ကြောင်းကတော့ ပုလဲမြို့နယ်မှာ သူတို့ နယ်မြေစိုးမိုးရေး ပြန်လုပ်ဖို့ပေါ့။ အဲဒီအတွက် အဓိက ပြန်လာတယ်လို့ ယူဆရပါတယ်။ ယင်းမာပင်-ပုလဲ မြို့ချင်းဆက် လမ်းမကြီးကို သူတို့ ပြန်လည် ထိန်းချုပ်ဖို့ လုပ်နေတဲ့ သဘောလို့ ယူဆရပါတယ်” ဟု ယင်းမာပင်ခရိုင်-ပကဖ တာဝန်ရှိသူတစ်ဦးက PSM ကိုပြောသည်။ အဆိုပါ စစ်အုပ်စုစစ်ကြောင်း ရောက်ရှိကာ စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အတွက် ပြည်သူများ ဘေးကင်းလုံခြုံစေရန် ပုလဲ-လက်တောင်းကြီးကားလမ်း၊ ပုလဲ-ကျားတက်ကားလမ်း နှင့် ပုလဲ-မင်းတိုင်ပင်ကားလမ်းတို့ကို ယာယီပိတ်လိုက်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၂၅ ရက်နေ့တွင် ဒေသန္တရကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပုလဲမြို့ပေါ်ရှိ အာဏာလုစစ်အုပ်စု စစ်ကြောင်းသည် ယမန်နေ့ ဇွန် ၂၆ ရက်နေ့တွင် လက်တောင်း ကြီးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။ “ပုလဲမှာ ရောက်နေတဲ့ စစ်ကြောင်းကတော့ ပုလဲနဲ့ လက်တောင်းကြီးကြားမှာ သူတို့ ဥဒဟို သွားလာနေတဲ့ အနေအထားပေါ့နော်။ ၃ ရက်တစ်ကြိမ်၊ ၂ ရက်တစ်ကြိမ် အဲဒီလိုမျိုး သွားလာနေတာတော့ ရှိပါတယ်။ အဲဒီထက်ကျော်လွန်ပြီး တပ်ဖြန့်သွားပြီး စစ်ကြောင်းထိုးတဲ့ ပုံစံအနေအထားတော့ မမြင်မိသေးဘူး” ဟု ပုလဲမြို့နယ် ပကဖ အဖွဲ့မှ ဦးဇော်ထက်က PSM ကိုပြောသည်။ ပြီးခဲ့သည့် မတ်လပထမပတ်အတွင်းကလည်း အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်းသို့ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ခေါင်းဆောင် ဗိုလ်နဂါး (ခေါ်) ကိုနိုင်လင်းသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် စစ်အုပ်စုထံသို့ မိသားစုဝင်များနှင့်အတူ လက်နက်ချ အလင်းဝင်သွားခဲ့ပြီးနောက် စစ်အုပ်စုသည်ဒေသတွင်း၌ နယ်မြေ စိုးမိုးနိုင်ရန်အတွက် စစ်ကြောင်းများ ဆက်တိုက်ပို့လွှတ်ကာ ထိုးစစ်ဆင်လာကြောင်း သိရသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ယင်းမာပင်တွင် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၏ PA က တပ်ရင်းမှူး ကိုပုလဲမောင်အား အနီးကပ် သေနတ်ဖြင့် ပစ်သတ်၍ စစ်ရာဇဝတ်မှု ကျူးလွန် သီပေါတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို SSPP/SSA ဖမ်းဆီး