PSM(News)

‌ဇွန် ၂၇၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် စစ်ဌာန၌ ပြုလုပ်သည့် အစည်းအဝေးတွင် ခရိုင်ကွပ်ကဲရေးမှူး၏ PA (ကိုယ်ရေးအရာရှိ) က တပ်ရင်းမှူးတစ်ဦးကို သေနတ်ဖြင့် အနီးကပ် ပစ်သတ် သည့် ပြစ်မှုကျူးလွန်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း စစ်ရေးအရင်းအမြစ်ထံမှ သိရသည်။

ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၏ PA ဖြစ်သူ ရဲဘော်ငဖြိုးသည် ယမန်နေ့ ဇွန် ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ယင်းမာပင် ခရိုင်စစ်ဌာန၌ ပြုလုပ်သော အစည်းအဝေးတွင် ယင်းမာပင်ခရိုင် တပ်ရင်း (၆) တပ်ရင်းမှူး ကိုပုလဲမောင်ကို ပစ္စတိုသေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။‎

“တပ်ရင်းမှူးကို ခရိုင်ကွပ်ကဲရေးမှူးရဲ့ PA က ကွပ်ကဲရေးမှူးရုံးမှာ ပစ်သတ်တာ။ အတို (ပစ္စတို) နဲ့ အနီးကပ် ပစ်သတ်တာ ဖြစ်ပါတယ်” ဟု အဆိုပါ ဖြစ်စဉ်အား သိရှိသည့် စစ်ရေးအရင်းအမြစ်က PSM ကိုအတည်ပြု ပြောကြားသည်။

ထိုသို့ တပ်ရင်းမှူး ကိုပုလဲမောင် ပစ်သတ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် ပြစ်မှုကျူးလွန်သူ ဗိုလ်စွမ်းသူမောင်၏ PA ရဲဘော်ငဖြိုးက ပစ်သတ်ရသည့် အကြောင်းရင်းဟုဆိုကာ ထွက်ဆိုရှင်းလင်း ထားသည့် ၁မိနစ်ခွဲကျော်ကြာ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး အဆိုပါရုပ်သံမှတ်တမ်းကို PSM News ကလည်း လက်ခံရရှိထားသည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် ပြစ်မှုကျူးလွန်သူ ရဲဘော်ငဖြိုးက သေဆုံးသူ တပ်ရင်းမှူး ကိုပုလဲမောင် သည် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အား လုပ်ကြံသတ်ဖြတ်ရန် ၎င်းကို သိန်းထောင်ချီသည့် ငွေကြေးမက်လုံးပေးကာ ငှားရမ်းခဲ့သဖြင့် တော်လှန်ရေးအပေါ် သစ္စာဖောက်သူ ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုထားသည်။

ထိုသို့ ရုပ်သံမှတ်တမ်းတင်နေစဉ် ရဲဘော်ငဖြိုးကို အမေးအဖြေပြုလုပ်ကာ မေးမြန်းနေသူမှာ ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ကိုယ်တိုင်ဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဆိုထားသည်။

“အစည်းအဝေးမှာ အခြားတပ်ရင်းမှူးတွေ မရောက်ခင်ကတည်းက တပ်ရင်းမှူး ကိုပုလဲမောင်ကို ပစ်သတ်ထားတာ။ ပစ်သတ်ပြီးမှ ကိုပုလဲမောင်ကို လုပ်ကြံဇာတ်သွင်းတာ။ တရားမဲ့သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရှောင်လွှဲချင်တာ ဖြစ်တယ်။ ကိုပုလဲမောင်က ကျွန်တော်တို့ရဲဘော်တွေအပေါ် ဘယ်တော့မှ သစ္စာဖောက်မယ့်လူ မဟုတ်ဘူး” ဟု ပြစ်မှုကျူးလွန်သူ၏ စွပ်စွဲချက်ရုပ်သံဖိုင်နှင့် ပတ်သက်၍ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက PSM ကို တုံ့ပြန်ပြောကြားသည်။

မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူ ရဲဘော်ငဖြိုးသည် သာမန် ရဲဘော်အဆင့်သာ ဖြစ်သဖြင့် ကိုယ်ပိုင်ပစ္စတိုဝယ်ယူနိုင်စွမ်းမရှိသလို ကိုင်ဆောင်ခွင့်လည်းမရှိကြောင်း ထောက်ပြထားသည်။

“ပစ္စတိုဟာ ရဲဘော်အဆင့်တွေ ကိုယ်ပိုင်ဝယ်နိုင်တဲ့ ပစ္စည်းမဟုတ်သလို ကိုင်ဆောင်ခွင့်ရှိတာလည်း မဟုတ်ဘူး။ ခရိုင်ကွပ်ကဲရေးမှူးနဲ့ တပ်ရင်းမှူး ကိုပုလဲမောင် ရှိနေချိန်မှာပဲ ပြစ်မှုကျူးလွန်သူ (PA) က ပစ်သတ်လိုက်တယ်ဆိုတာ ဘယ်သူက တရားခံအစစ်အမှန်လဲ၊ ဘယ်သူတွေက ကြံရာပါလဲဆိုတာ အခြေခံပညာအဆင့်လောက်ပဲရှိတဲ့ ကလေးတောင် သိတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က ခရိုင်ကွပ်ကဲရေးမှူး၏ ပါဝင်ပတ်သက်မှုကိုပါ မေးခွန်းထုတ် မှတ်ချက်ပြုသည်။

ထိုသို့ စစ်ရာဇဝတ်ကျူးလွန်မှု ဖြစ်ပွားခဲ့သည့် ယမန်နေ့ ဇွန် ၂၆ ရက် ညဦးပိုင်းတွင် ပြစ်မှုကျူးလွန်သူ ရဲဘော်ငဖြိုးအား ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အဆိုပါ လူသတ်မှုဖြစ်စဉ်ကို အနီးကပ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေပြီး စစ်ရုံးချုပ်အနေဖြင့်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့၊ လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed