PSM(News)

ဇွန် ၂၆၊ ၂၀၂၆

ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအခွင့်အရေးနှင့် လွတ်လပ်ခွင့်များအတွက် သတ္တိရှိရှိ ဦးဆောင်ကြိုးပမ်းနေသူများကို ချီးမြှင့်သည့် အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) ၏ ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု ကို မြန်မာ့နွေဦးတော်လှန်ရေးအတွင်းရှိ လူထုအခြေပြုစည်းရုံးလှုံ့ဆော်သူများ ဆွတ်ခူးရရှိကြောင်း သိရသည်။

ယခုနှစ် အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း ၂၅၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပေးအပ်သည့် အဆိုပါဆုကို မြန်မာနိုင်ငံတွင် အာဏာလုစစ်အုပ်စု၏ ဖိနှိပ်မှုများကြားမှ အရပ်ဘက်လူထု ပူးပေါင်းပါဝင်မှုနှင့် လူထုကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို ရေရှည်တည်တံ့အောင် မြေပြင်၌ စည်းရုံးလှုံ့ဆော်၊ ဦးဆောင်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်းရှိ လူထုအခြေပြုစည်းရုံးလှုံ့ဆော်သူများအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

အဆိုပါ ဒီမိုကရေစီဆုကို မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူများကိုလည်း ပူးတွဲချီးမြှင့်ခဲ့ရာ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သည့် ရုရှားမှ ဖရီဒီ အယ်လင် (Friede Allen)၊ ကျူးဘားနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများနှင့် အနုပညာရှင်များဖြစ်ကြသော ဖိလစ် နာဗာရို (Félix Navarro)၊ လူးဝစ် မန်နျူရယ် အိုတီရို အယ်လ်ကန်တာရာ (Luis Manuel Otero Alcántara)၊ မေကဲလ် ကက်စတီလို ပီရက်ဇ် (Maykel Castillo Pérez)၊ ဆီးရီးယား မီဒီယာနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်စင်တာ၊ အီသီယိုပီးယားနိုင်ငံမှ အက်ဒစ် စတန်းဒတ် (The Addis Standard) သတင်းဌာနတို့ ပါဝင်ကြောင်း သိရသည်။

NED ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ ပီတာ ရော့စကမ်က ယခုဆုရရှိသူများသည် ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွင်း အခြေခံအခွင့်အရေးများကို ကာကွယ်ရန် သတ္တိနှင့် ဇွဲလုံ့လကို ကိုယ်စားပြုနေကြပြီး လွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူများနှင့်အတူ အမေရိကန်အနေဖြင့် အမြဲအတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) ၏ ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆုပေးပွဲ အခမ်းအနားကို လာမည့် စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ဂျော့ချ်ဝါရှင်တန် ၏ သမိုင်းဝင် နေအိမ်နှင့် စိုက်ပျိုးရေးခြံဖြစ်သည့် မောင့်ဗာနွန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed