PSM (NEWS)

ဇွန် ၂၇ ၊၂၀၂၆

မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဂျာရာနှင့် မွန်တရေးမြို့တို့တွင် ဇွန်လ ၁၁ ရက်နေ့က စတင်ခဲ့သည့် ကမ္ဘာ့ဖလားဘောလုံးပွဲတော်များကို လူအများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသော်လည်း မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုဒဏ်ကို ခံနေရသည့် ဒေသများတွင်မူ အဆိုပါပွဲတော်ကို ကြောက်ရွံ့မှုများနှင့်သာ ဖြတ်သန်းနေကြရသည်။

မက္ကဆီကိုနိုင်ငံ၏ မြို့ရွာအချို့တွင် ပစ်ခတ်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသဖြင့် ဘောလုံးပွဲကြည့်ရှုမှုများကို အများအားဖြင့် အိမ်တွင်း၌သာ ပြုလုပ်ကြသည်။

မက္ကဆီကိုအသင်းသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ဒေသခံများမှာမူ ပျော်ရွှင်ခြင်းထက် စိုးရိမ်ပူပန်မှုများကသာ ပိုမိုလွှမ်းမိုးနေသည်။

“ကျွန်တော် ဘောလုံးကို အရမ်းကြိုက်ပေမဲ့ အခုတော့ စိုးရိမ်နေမိပါတယ်” ဟု ရာဇဝတ်ဂိုဏ်းများ အချင်းချင်း တိုက်ခိုက်မှုအများဆုံး ဖြစ်ပွားရာ မီချိုအာကန်ပြည်နယ်မှ သံပုရာသီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက “အရင်နှစ်တွေတုန်းကဆိုရင် လူတွေစုပြီး ဘောလုံးပွဲကြည့်ကြတယ်၊ လောင်းကြေးထပ်ကြတယ်။ အခုတော့ မဟုတ်တော့ဘူး… ဒီမှာ ပွဲလမ်းသဘင်ဆိုတာ မရှိတော့ဘူး၊ ရှိတာက ပင်ပန်းနွမ်းနယ်မှုတွေပဲ” ဟု ထပ်လောင်းပြောကြားသည်။

မက္ကဆီကိုစီးတီးမှ ကီလိုမီတာ ၁,၀၄၀ ခန့် ကွာဝေးသော ဆီနာလိုအာပြည်နယ်၊ ကူလီယာကန်မြို့တွင်လည်း အလားတူပင်ဖြစ်သည်။ ထိုမြို့တွင် ဆီနာလိုအာမူးယစ်ဂိုဏ်း၏ အုပ်စုများကြား တိုက်ခိုက်မှုများကြောင့် နှစ်နှစ်နီးပါး အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ထိုသို့သောအခြေအနေများကြောင့် ဒေသခံအများစုသည် လမ်းပေါ်ထွက်ကာ ပျော်ရွှင်စွာဆင်နွှဲခြင်းမျိုး မလုပ်ရဲကြဘဲ သူငယ်ချင်းအိမ်များ၌သာ စုဝေးကြည့်ရှုခြင်း၊ သို့မဟုတ် ဘောလုံးပွဲပြသသည့် စားသောက်ဆိုင်အချို့တွင်သာ ခေတ္တခဏ အကြမ်းဖက်မှုများကို မေ့ပျောက်ရန် ကြိုးစားနေကြရသည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed