PSM(NEWS)

ဇွန် ၂၇ ၊၂၀၂၆

ဗင်နီဇွဲလားနိုင်ငံတွင် လွန်ခဲ့သော ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးအဖြစ် မှတ်တမ်းဝင်သည့် ငလျင်နှစ်ခု ဗုဒ္ဓဟူးနေ့ညပိုင်းတွင် လှုပ်ခတ်ခဲ့သည်။ မဂ္ဂနီကျူ့ ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသည့် အဆိုပါငလျင်များကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း အမေရိကန်အစိုးရ၏ ခန့်မှန်းချက်များက ဆိုသည်။

ဤသဘာဝဘေးအန္တရာယ်သည် ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်၏ နိုင်ငံရေးခရီးလမ်းအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ၎င်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်ပြီး နိုင်ငံကို ပြန်လည်တည်ဆောက်မည့် “ဗင်နီဇွဲလားသစ်” ကို တည်ဆောက်ရန် ကြိုးပမ်းနေသူဖြစ်သည်။

သို့သော်လည်း ဗင်နီဇွဲလား၏ စီးပွားရေးအကျပ်အတည်းနှင့် ပျက်စီးနေသော အခြေခံအဆောက်အအုံများကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အလွန်ခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်အနေဖြင့် ကြီးမားသည့် ကူညီထောက်ပံ့မှုများကို အမြန်ဆုံး ပေးအပ်သွားမည်ဟု ပြောကြားထားသည်။ သို့သော် ဝေဖန်သူများကမူ အမေရိကန်၏ အကူအညီသည် ဗင်နီဇွဲလားအစိုးရကို ဝါရှင်တန်အပေါ် ပိုမိုမှီခိုလာစေပြီး အမေရိကန်၏ ထိန်းချုပ်မှု ပိုမိုအားကောင်းလာစေရန် အသုံးချသွားနိုင်ကြောင်း သတိပေးပြောဆိုမှုများ ရှိနေသည်။

သမိုင်းကြောင်းအရလည်း လက်တင်အမေရိကနိုင်ငံများတွင် ငလျင်ဘေးအန္တရာယ်များသည် နိုင်ငံရေးအပြောင်းအလဲများကို ဖော်ဆောင်ခဲ့ဖူးသည်။ လက်ရှိတွင် ရိုဒရီဂွက်ဇ်အနေဖြင့် ဤအကျပ်အတည်းကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက နိုင်ငံရေးအရ အခွင့်အလမ်းဖြစ်လာနိုင်သလို၊ ပြန်လည်ထူထောင်ရေးတွင် မှားယွင်းမှုများ ရှိလာပါကလည်း ၎င်း၏ နိုင်ငံရေးအနာဂတ်အတွက် ကြီးမားသော အန္တရာယ် ဖြစ်လာနိုင်သည်။

ကိုးကား-Reuters

By Htet Ko