PSM (NEWS)

ဇွန် ၂၇၊ ၂၀၂၆

ကနေဒါနှင့် ဂျပန်နိုင်ငံတို့သည် အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်။

ကနေဒါနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး မာနင်ဒါ ဆစ်ဒူသည် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား သတ္တုတူးဖော်ရေး စီမံကိန်းများ၊ ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်များနှင့် ဂရပ်ဖိုက်၊ ဂယ်လီယမ်ကဲ့သို့သော အရေးပါသည့် တွင်းထွက်ပစ္စည်းများကို ပူးတွဲသိုလှောင်ခြင်း အစီအစဉ်များ လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့အကြီးဆုံးမြေရှားသတ္တု ထုတ်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချလိုသော ဂျပန်နိုင်ငံအတွက် အလွန်အရေးပါသည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။

ဝန်ကြီး ဆစ်ဒူသည် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၈၀ ခန့်မှ လူဦးရေ ၃၀၀ ပါဝင်သည့် ကနေဒါနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းခရီးစဉ်အတွင်း မစ်ဆူဘီရှီကော်ပိုရေးရှင်းကဲ့သို့သော အဓိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ကနေဒါနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆွေးနွေးခဲ့သည်။ အထူးသဖြင့် မြောက်အမေရိကရှိ ပစိဖိတ်ကမ်းရိုးတန်းကို တိုက်ရိုက်ချိတ်ဆက်ထားသည့် LNG Canada စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် စွမ်းအင်ကဏ္ဍတွင်သာမက စက်မှုလုပ်ငန်းအတွက် အသက်သွေးကြောဖြစ်သည့် အရေးပါသော သတ္တုတွင်းထွက်များ ထောက်ပံ့ရေးတွင်ပါ ဂျပန်နှင့် ကနေဒါတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် ခြေလှမ်းသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed