PSM(NEWS)

မေ ၂၇၊ ၂၀၂၆

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘတ်ဂန်ဟောက် မြို့၌ အင်္ဂါနေ့က ရထားလမ်းကူးတွင် ရထားတစ်စင်းနှင့် ကျောင်းသူကျောင်းသားများတင်ဆောင်လာသော မီနီဗန်ကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အထူးလိုအပ်ချက်ရှိသည့် ကျောင်းသူကျောင်းသားနှစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

သေဆုံးသူများမှာ အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသူကျောင်းသားနှစ်ဦး၊ ၄၉ နှစ်အရွယ် ကားမောင်းသူနှင့် ၂၇ နှစ်အရွယ် အုပ်ထိန်းသူတို့ဖြစ်သည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အန် ဘာဂါ ၏ ပြောကြားချက်အရ မတော်တဆမှုဖြစ်ပွားချိန်တွင် ရထားလမ်းကူး၏ လုံခြုံရေးတားဆီးပိတ်ပင်မှုများ (safety barriers) မှာ ချထားပြီးဖြစ်ကြောင်း သိရသည်။ ဗန်ကားမှာ မည်သို့သောနည်းဖြင့် တားဆီးပိတ်ပင်မှုများကို ကျော်ဖြတ်ပြီး ရထားလမ်းပေါ်သို့ ရောက်ရှိလာသည်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါဗန်ကားမှာ ရထားလမ်းနှင့်ပြိုင်လျက်ရှိသော လမ်းမတစ်ခုမှတစ်ဆင့် လမ်းဆုံသို့ကွေ့ဝင်လာစဉ် ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ ရထားပေါ်ပါလာသည့် ခရီးသည် ၁၀၀ ဝန်းကျင်မှာမူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

ဘယ်လ်ဂျီယံနိုင်ငံတွင် ရထားလမ်းကွန်ရက်များ ပြည့်နှက်နေသဖြင့် ရထားလမ်းကူးများတွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ Infrabel ရထားလမ်း အခြေခံအဆောက်အအုံအော်ပရေတာ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှစတင်၍ ယခုကဲ့သို့ မတော်တဆမှုပေါင်း ၁၆၈ ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်တွင်းရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်ကလည်း X လူမှုကွန်ရက်မှတစ်ဆင့် “ယနေ့တွင် ဥရောပတစ်ခွင်လုံး ဘယ်လ်ဂျီယံနိုင်ငံနှင့်အတူ ဝမ်းနည်းကြေကွဲရပါသည်” ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *