PSM (NEWS)

မေလ ၂၆၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနှင့် သဘောတူညီချက်ရရှိရန် အလျင်စလိုလုပ်ဆောင်ခြင်းမပြုရန် မိမိ၏ ကိုယ်စားလှယ်များကို ညွှန်ကြားထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ယင်းသည် သုံးလကြာဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အရေးပါသော အောင်မြင်မှုတစ်ခု မကြာမီရရှိတော့မည်ဟူသည့် မျှော်လင့်ချက်များကို အမေရိကန်အစိုးရက လျှော့ချလိုက်ခြင်း ဖြစ်သည်။

ဟိုမုဇ်ရေလက်ကြားရှိ အီရန်သင်္ဘောများအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုကို “သဘောတူညီချက်တစ်ခု ရရှိပြီး အတည်ပြု လက်မှတ်ရေးထိုးပြီးသည်အထိ” ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။

အီရန်နိုင်ငံဘက်မှ တရားဝင်တုံ့ပြန်မှု မရှိသေးသော်လည်း၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် ဆက်နွှယ်သည့် Tasnim သတင်းဌာနကမူ အမေရိကန်အနေဖြင့် ပြည်ပဘဏ်များတွင် ချိတ်ပိတ်ထားသည့် ပိုင်ဆိုင်မှုများပြန်လည်လွှတ်ပေးရေး အပါအဝင် အရေးပါသော အချက်အချို့ကို တားဆီးနှောင့်ယှက်နေဆဲဖြစ်ကြောင်း စွပ်စွဲဖော်ပြသည်။

အမေရိကန်အစိုးရ အရာရှိတစ်ဦး၏ အဆိုအရ အီရန်သည် ဟိုမုဇ်ရေလက်ကြားကို ဖွင့်လှစ်ပေးရန်နှင့် ၎င်းတို့၏ အဆင့်မြင့် ယူရေနီယမ်များကို ဖျက်ဆီးပစ်ရန် “မူအားဖြင့်” သဘောတူညီထားသည်။ သို့သော် နျူကလီးယားဆိုင်ရာ တိုင်းတာမှုများနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း သိရသည်။

ရေနံစျေးနှုန်းများမှာ စစ်ပွဲကြောင့် မြင့်တက်နေရာမှ ယခုသတင်းများ ထွက်ပေါ်လာချိန်တွင် ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ သို့သော် စစ်ပွဲရပ်တန့်သွားခဲ့လျှင်ပင် ဟိုမုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစီးဆင်းမှု ပုံမှန်ပြန်ဖြစ်လာရန် ၂၀၂၇ ခုနှစ်အထိ အချိန်ယူရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ဒေါ်နယ်ထရမ့်ကမူ ယခုညှိနှိုင်းမှုများကို ဝေဖန်သူများအား “ဘာမှမသိဘဲ ဝေဖန်နေသည့် လူရှုံးသမားများ” ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး မှန်ကန်သော သဘောတူညီချက်တစ်ခုရရှိရန် အချိန်ယူသွားမည်ဟု ဆိုသည်။

ကိုးကား-Reiters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *