PSM(NEWS)

မေ ၂၇၊ ၂၀၂၆

လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ(Quad) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။

မြန်မာ့အရေးသည် ပြင်းထန်သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေပြီး အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် Quad အစည်းအဝေးအပြီး ထုတ်ပြန်သော ဒေသတွင်းရေးရာ ထုတ်ပြန်ချက်တွင်၊ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘက်စုံသဘောတူညီချက် ၅ ချက်ကို ခိုင်မာစွာ ထောက်ခံကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့သည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အုပ်စုအား ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ရောက်ရှိစေရေး လမ်းကြောင်းများဖွင့်ပေးရန်နှင့် သက်ဆိုင်သူအားလုံးနှင့် စစ်မှန်သော ဆွေးနွေးပွဲများ စတင်ရန် ပူးတွဲတောင်းဆိုခဲ့သည်။

အဆိုပါအချက်ကို အလေးပေးဖော်ပြခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ၏ နယ်စပ်တစ်လျှောက် လူကုန်ကူးမှုများ၊ အွန်လိုင်းငွေလိမ်မှုများနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများကို ပိုမိုဆိုးရွားစေသည့် အရေး၏ နောက်ဆက်တွဲဆိုးကျိုးများအပေါ် ရေကြောင်းဒီမိုကရေစီနိုင်ငံများ၏ စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်းကို ထင်ဟပ်စေသည်။

ဒေသတွင်းသံတမန်ရေးရာများအပြင် ဝန်ကြီးများသည် ၎င်းတို့၏ လုံခြုံရေးမဟာမိတ်အဖွဲ့ကို ခိုင်မာစေရန် ဆောင်ရွက်ခဲ့ပြီး အဓိကကျသော ရေကြောင်းစောင့်ကြည့်ရေးကွန်ရက်တစ်ခုကို မိတ်ဆက်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေချိန်တွင် အရေးပါသော သတ္တုသံယံဇာတ ထောက်ပံ့ရေးကွင်းဆက်များကို လုံခြုံစေရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုခဲ့သည်။

နယူးဒေလီမြို့တွင် ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီ တိုရှိမိဆုတို့တက်ရောက်ခဲ့ကြသည်။

Quad သည် လွတ်လပ်၍ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရန်အတွက် ရည်ရွယ်သည့် အလွတ်သဘော မဟာဗျူဟာမြောက် ဖိုရမ်တစ်ခုဖြစ်သည်။ အဆိုပါ မဟာမိတ်အဖွဲ့သည် ရေကြောင်းလုံခြုံရေး၊ အရေးပါသော သတ္တုသံယံဇာတ ထောက်ပံ့ရေးကွင်းဆက်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ ပူးတွဲဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား လုပ်ဆောင်နေသည်။

ကိုးကား The PBS

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *