PSM(News) မေ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်အတွင်းသို့ ယနေ့ မေ ၂၇ ရက် နံနက်ပိုင်းတွင် အာဏာလုအစိုးရ စစ်တပ်က Y-12 ထောက်ပို့လေယာဉ်တစ်စီးကို အသုံးပြု၍ ဗုံးသီးအလုံးရေ ၄၅ လုံးထက်မနည်း တရစပ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံရင်းမြစ်များနှင့် မြေပြင်သတင်းများအရ သိရသည်။ ယနေ့ နံနက် ၈ နာရီ ၁၈ မိနစ်ခန့်မှ စတင်ကာ နံနက် ၉ နာရီဝန်းကျင်အထိ စစ်တပ်၏ Y-12 လေယာဉ် တစ်စင်းသည် အင်းတော်မြို့နယ်အတွင်းသို့ ၁၃ ကြိမ်တိုင်တိုင် လှည့်ပတ်ကာ ဗုံးသီး ၄၅ လုံးကို ဆက်တိုက်ကြဲချ တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။ “အင်းတော်နယ်ထဲကို Y-12 နဲ့ အတွဲလိုက်ကြီး လာချတာ။ တိုက်ပွဲကလည်း ရှိနေတော့ ပြည်သူတွေရော တော်လှန်ရေး အင်အားစုတွေပါ ဘေးကင်းဖို့ လွတ်ရာတောတောင်တွေထဲကို အသည်းအသန် ရှောင်တိမ်း နေကြရတယ်” ဟု အင်းတော်ဒေသခံက PSM ကို ပြောသည်။ စစ်တပ်သည် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း အင်းတော်မြို့နယ် မန်ဖာကျေးရွာဝန်းကျင်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အကျဉ်းထောင်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်း ငါး ဦးနှင့် PDF အဖွဲ့ဝင် နှစ် ဦး အပါအဝင် စုစုပေါင်း ခုနစ် ဦး သေဆုံးခဲ့သည်။ လက်ရှိတွင် စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် ယခုကဲ့သို့ လေကြောင်းရန် ကြောင့် အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာကာ နီးစပ်ရာ တောတောင်များနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့ဘက်သို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြ ရကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးရုံးက ကသာခရိုင်အတွင်း တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထီးချိုင့်၊ ကသာ၊ အင်းတော်-နတ်တောင်၊ မော်လူး နှင့် နန့်စီးအောင် လမ်းပိုင်းများကို ခရီးသွားပြည်သူများအနေဖြင့် မေလ ၂၄ ရက်နေ့မှစတင်ကာ ယာယီအသုံးမပြုကြရန် သတိပေး ထုတ်ပြန်ထားသည်။ အာဏာလုအစိုးရစစ်တပ်သည် အရပ်သားမော်တော်ယာဉ်များကို ကာကွယ်ရေးတပ်ဖွဲ့များက ချောဆွဲ သည်ဟု ပုံမှားရိုက်၍ ၎င်းတို့၏ စစ်လက်နက်ခဲယမ်းများနှင့် စစ်ကူများကို အရပ်သားကားများဖြင့် ရောနှောသယ်ယူပို့ဆောင်နေခြင်းကြောင့် ခရီးသွားပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် လမ်းပိုင်းများ ကို ပိတ်ခန့်ရခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံပြည်သူများနှင့် ခရီးသွားများအနေဖြင့် အဆိုပါ ဒေသန္တရထုတ်ပြန်ချက်များကို သိရှိလိုက်နာ ကြရန်နှင့် လိုက်နာခြင်းမရှိဘဲ သွားလာမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ကြောင်း ကသာခရိုင်ကွပ်ကဲရေးရုံးက အသိပေးထားပြီး လမ်းပိုင်းများ ပြန်လည် ဖွင့်လှစ်မည့် ရက်စွဲကို ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ဆိုထားသည်။ Post navigation ကျိုက်ဒုံမြို့အနီး အာဏာလုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ မြန်မာ့အရေးသည် အင်ဒို-ပစိဖိတ်ဒေသကို မတည်မငြိမ်ဖြစ်စေကြောင်း Quad အဖွဲ့ဝင်နိုင်ငံများ သတိပေး