PSM (News) မေ ၂၆ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင်အတွင်းရှိ ကျိုက်ဒုံမြို့အဝင် တံတားတစ်ဖက်ကမ်းတွင် အာဏာလုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားအမျိုးသမီး သုံး ဦး သေဆုံးပြီး ၁၆ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယနေ့ မေ ၂၆ ရက်တွင် ထုတ်ပြန်သည်။ အာဏာလုစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် မေ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က ဒူးပလာယာခရိုင်၊ ကျိုက်ဒုံမြို့အဝင် တံတား၏တစ်ဖက်ကမ်းဖြစ်သော နို့တကော မြို့နယ်အတွင်းရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများသို့ ဂျက်ဖိုက်တာဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး သုံး ဦး ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် နှစ် ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း KNU၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ လူနေအိမ် နှစ်လုံးနှင့် အိမ်စီးကား တစ် စီးလည်း ဗုံးစထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အာဏာသိမ်းစစ်အုပ်စုသည် စစ်ရေးအရ အရေးနိမ့်နေသည့် စစ်မျက်နှာပြင်များအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် မြို့ပြများသို့ပါ လေကြောင်းအင်အားသုံး၍ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသဖြင့် ပြည်သူလူထု သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း ဒေသခံရင်းမြစ်များနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဓာတ်ပုံ – KNU ပုံစာ-အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ထိမှန် သေဆုံး ပြည်သူများ နှင့် ပြည်သူပိုင် ပစ္စည်းများ။ Post navigation စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေး အကောင့် ၁၀၀ ကျော်ကို Facebook ဖယ်ရှား အင်းတော်မြို့နယ်အတွင်းသို့ အာဏာလုအစိုးရ စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၄၅ လုံး ထက်မနည်း ကြဲချတိုက်ခိုက်