PSM (NEWS) မေ ၂၇ ၊၂၀၂၆ အိန္ဒိယနိုင်ငံဘက်မှ လူများအား တရားမဝင် အတင်းအကျပ် တွန်းပို့နေသည်ဟူသော စိုးရိမ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက် ကင်းလှည့်မှုများကို တိုးမြှင့်လိုက်ပြီး ပြည်သူများအား သတိပေးနှိုးဆော်သည့် အစီအစဉ်များကို စတင်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အာဏာရ ဘာရတီယား ဂျာနာတာပါတီ (BJP) က ၎င်းတို့အုပ်ချုပ်သည့် တြိပူရ၊ အနောက်ဘင်္ဂလားနှင့် အာသံပြည်နယ်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာကို ဦးစားပေးဖြေရှင်းမည်ဟု ကြေညာထားသည်။ ယခုလအစောပိုင်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟု သံသယရှိပြီး အိန္ဒိယတွင် တရားမဝင် နေထိုင်နေသူ ၂,၈၆၀ ကျော်၏ နိုင်ငံသားဖြစ်မှုကို အတည်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာမန်ဘာရီယာခရိုင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ၏ အမှတ် ၆၀ တပ်ရင်းသည် တနင်္ဂနွေနေ့မှစတင်၍ နယ်စပ်ကျေးရွာများတွင် အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။ ဒေသခံများအား နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်လာရန် ကြိုးပမ်းသူများနှင့် ပတ်သက်၍ အထူးသတိပြုရန် တိုက်တွန်းထားသည်။ “နယ်စပ်ကျေးရွာတွေမှာ ဒေသခံတွေ သတိရှိစေဖို့အတွက် အသိပေးနှိုးဆော်မှုတွေ စတင်လုပ်ဆောင်နေပါပြီ။ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူတွေနဲ့ အတင်းအကျပ် တွန်းပို့လာတာမျိုးတွေကို တားဆီးဖို့အတွက် ကင်းလှည့်စောင့်ကြည့်မှုတွေကို တိုးမြှင့်ထားပါတယ်” ဟု အဆိုပါတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အက်စ်အမ် ရှာရီဖူလ် အစ္စလာမ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် ကီလိုမီတာ ၄,၀၀၀ ကျော် (မိုင် ၂,၄၈၅) ရှည်လျားသော နယ်စပ်ကို ပိုင်ဆိုင်ထားပြီး ၎င်းသည် ကမ္ဘာပေါ်တွင် အရှည်ဆုံး နယ်စပ်မျဉ်းများထဲမှ တစ်ခုဖြစ်သည်။ အိန္ဒိယ၏ အာသံပြည်နယ်သည် ၂၀၂၅ ခုနှစ်၊ မေလကတည်းက နိုင်ငံခြားသားများဟု တရားရုံးများက သတ်မှတ်ထားသူ ၃၀,၀၀၀ အနက်မှ ရာနှင့်ချီသောသူများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ တွန်းပို့ခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ အာဏာပိုင်များအနေဖြင့် ပြည်သူများအား စနစ်တကျမရှိဘဲ အတင်းအကျပ် နှင်ထုတ်နေသည်ဟု စွပ်စွဲထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံသားပြန်လည်လက်ခံရေးကိစ္စရပ်များကို တရားဝင် နှစ်နိုင်ငံသဘောတူညီချက်များအတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားပြီး နယ်စပ်မှတစ်ဆင့် တဖက်သတ် အတင်းအကျပ် တွန်းပို့ခြင်းကို သတိပေးထားသည်။ ကိုးကား-Reuters Post navigation တတိယအဖွဲ့အစည်းကို ပစ်မှတ်ထားခြင်းမပြုရန် QUAD ပူးပေါင်းဆောင်ရွက်မှုအပေါ် တရုတ်သတိပေး ပြင်သစ်နိုင်ငံ၌အပူလှိုင်းဖြတ်သန်းမှုကြောင့် လူ (၇) ဦး သေဆုံး