PSM(NEWS)

ဧပြီ ၂၇၊၂၀၂၆

စစ်ပွဲများ ဖန်တီးသူများနှင့် ကမ္ဘာ့သယံဇာတများကို အလွဲသုံးစားပြုလုပ်သူများသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းသော အနာဂတ်ကို လုယက်ဖျက်ဆီးနေသည့် “သူခိုးများ” ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို က တနင်္ဂနွေနေ့တွင် မိန့်ကြားလိုက်သည်။ ထို့ပြင် ချာနိုဘိုင်းနျူကလီးယား မတော်တဆမှု နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်၍ အဏုမြူစွမ်းအင် အသုံးပြုမှုနှင့် ပတ်သက်ပြီး သတိပေးချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယား ဘေးအန္တရာယ်၏ ၄၀ ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဧပြီ ၂၇ရက်နေ့တွင် ကျင်းပနေခြင်းဖြစ်သည်။ ရုရှားနှင့် ဖြစ်ပွားနေသော လေးနှစ်ကြာ စစ်ပွဲကြောင့် အလားတူ အဖြစ်ဆိုးမျိုး ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် Angelus ဝတ်ပြုဆုတောင်းပွဲအပြီး အပတ်စဉ် မိန့်ခွန်း၌ ချာနိုဘိုင်းဖြစ်ရပ်သည် လူသားမျိုးနွယ်၏ အသိစိတ်တွင် ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခု ချန်ထားခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

“ဒါဟာ ပိုမိုအစွမ်းထက်လာတဲ့ နည်းပညာတွေကို အသုံးပြုရာမှာ သတိပြုဖို့ သတိပေးချက်တစ်ခု ဖြစ်နေဆဲပါပဲ” ဟု အာဖရိက လေးနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော လီယို က မိန့်ကြားသည်။

“ဆုံးဖြတ်ချက်ချမှတ်ရမယ့် အဆင့်တိုင်းမှာ ပညာနဲ့ တာဝန်သိစိတ်က အမြဲတမ်း အောင်မြင်ပါစေလို့ ကျွန်ုပ် မျှော်လင့်ပါတယ်။ ဒါမှသာ အဏုမြူစွမ်းအင်ကို အသက်အန္တရာယ် ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အမြဲတမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

“ကမ္ဘာ့သယံဇာတတွေကို လုယက်တာ၊ သွေးထွက်သံယို စစ်ပွဲတွေ ဆင်နွှဲတာ ဒါမှမဟုတ် ပုံစံအမျိုးမျိုးနဲ့ မကောင်းမှုကို အားပေးအားမြှောက်ပြုတာတွေဟာ ကျွန်ုပ်တို့အားလုံးဆီက ငြိမ်းချမ်းသာယာတဲ့ အနာဂတ် အခွင့်အလမ်းတွေကို ခိုးယူနေတဲ့ သူခိုးတွေပဲဆိုတာ မမေ့ကြပါနဲ့” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသားအဖြစ် ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူ လီယို သည် စစ်ပွဲနှင့် အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောဆိုလာပြီးနောက် သမ္မတ ဒေါ်နယ် ထရမ့်၏ ပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရသူလည်း ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *