မောင်မောင်ကဲ/PSM(News)

ဧပြီ ၂၇၊ ၂၀၂၆

ထိုင်းစတော့အိတ်ချိန်းဝင် ACC ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသည် မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွှယ်နေသော ဟန်ပြကုမ္ပဏီနှစ်ခုထံသို့ ရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်းဖြစ်သည့် ဘတ်သန်း ၃၀၀ ဖိုး ရောင်းချရန်အတွက် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။

Sky Aviator ကုမ္ပဏီပိုင်ရှင် လက်နက်ပွဲစား ကျော်မင်းဦးသည် မြန်မာစစ်တပ်အတွက် ရုရှား လေယာဉ်နှင့် အပိုပစ္စည်းများ ဝယ်ယူပေးနေသူဖြစ်ပြီး အမေရိကန်၊ အီးယူ၊ ယူကေနှင့် ကနေဒါတို့၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသူဖြစ်သည်။

ထို့ကြောင့် လက်နက်ပွဲစား ကျော်မင်းဦးသည် အဆိုပါဟန်ပြကုမ္ပဏီများမှတစ်ဆင့် ACC ကုမ္ပဏီကို နောက်ဖေးပေါက်မှ သိမ်းပိုက်ကာ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သော အုပ်စုဖြစ်လာစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

“ACC ဟာ အရပ်သားပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ဖို့အတွက် စစ်လက်နက် တွေ ရောင်းချထောက်ပံ့နေတဲ့ ပွဲစားကွန်ရက်ထံ ထိုင်းအများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာတွေကို လွှဲပြောင်းပေးအပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒါကို ငွေကြေးခဝါချရာ လမ်းကြောင်းတစ်ခုအဖြစ် မရောက်သွားအောင် ဟန့်တားရပါမယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်လက်နက်ပွဲစားကျော်မင်းဦးကို နိုင်ငံအချို့က ပိတ်ဆို့အရေးယူထားသော်လည်း ၎င်း၏ စင်ကာပူ နိုင်ငံသား မိတ်ဖက် Wee Lee Lian အပါအဝင် အမည်ခံပိုင်ရှင် အများစုသည် ယနေ့ထိ အရေးယူခံရခြင်း မရှိသေးဘဲ ကွန်ရက်ကို ဆက်လက်လည်ပတ်နေကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများအနေဖြင့် Sky Aviator ကွန်ရက်တစ်ခုလုံးအပေါ် ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ အမြန်ဆုံးချမှတ်ရန် JFM က တိုက်တွန်းထားသည်။

ကျော်မင်းဦးသည် လက်နက်ရောင်းဝယ်ရေးမှ ရရှိသောငွေများကို ထိုင်းစတော့အိတ်ချိန်းမှတစ်ဆင့် ခဝါချရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ACC ၏ ဘဏ္ဍာရေးအကြံပေးကိုယ်တိုင်က “ဤအရောင်းအဝယ်ကို ဆက်လက်လုပ်ဆောင်ရန် မသင့်လျော်ကြောင်း” နှင့် “ငွေကြေးရင်းမြစ် မသေချာကြောင်း” ကန့်ကွက် ထားသော်လည်း ကုမ္ပဏီဘုတ်အဖွဲ့က ဆက်လက်လုပ်ဆောင်ရန် အကြံပြုထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *