PSM(News)

ဧပြီ ၂၇၊ ၂၀၂၆

ရသသုတစုံစာပေများ ရေးသားကာ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသား စာပေဆုရှင် စာရေးဆရာကြီး တင်ညွန့် ၊ အသက် ၇၁ နှစ် ကို သန်လျင်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဧပြီ ၂၃ ရက် နံနက်အစောပိုင်းတွင် အာဏာလု စစ်အုပ်စုက အင်အားသုံး ဖမ်းဆီးခဲ့ ကြောင်းသိရသည်။

ဆရာကြီးနှင့်အတူ ၎င်း၏စာအုပ်များကို ထုတ်ဝေပေးသည့် သားဖြစ်သူနှင့် လူမှုကွန်ရက်ပေါ်တွင် စာအုပ်ရောင်းချသူ အမျိုးသမီးတစ်ဦးတို့ကိုပါ ကနဦး ဖမ်းဆီးထားပြီး လက်ရှိတွင် ဆရာတင်ညွန့်ကို သန်လျင်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

NLD အရပ်သားအစိုးရလက်ထက်က ဆရာကြီး ရေးသားခဲ့သော “ဗိုလ်ချုပ်တွေကို ကျွန်တော် ညာခဲ့ သည်”၊ “ဦးသန်းရွှေ၏ ယတြာများ” နှင့် “ခွေးထိန်းငတာ” စသည့်စာအုပ်များကို လူမှုကွန်ရက်တွ င်ပြန်လည်ရောင်းချနေခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဖော်ပြချက် များအရ သိရသည်။

စာပေလောကတွင် နည်းပညာ၊ နိုင်ငံရေး၊ ပညာရေးနှင့် ရသစုံစာပေများရေးသားကာ လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာကြီးတင်ညွန့်သည် အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေး အတွက် စိုးရိမ်ရသည့် အခြေအနေရှိ၍ စာပေအသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသည်။

ဆရာကြီးသည် ၂၀၁၇ ခုနှစ်တွင် “ကျောင်းဆရာမှတ်တမ်း” စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သူ ဖြစ်ပြီး အမေ့ခံ အငြိမ်းစားဆရာကြီးများကို ကူညီထောက်ပံ့သည့် လူမှုရေးလုပ်ငန်းများကို လည်း တစိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်သည်

By Htet Ko

You missed