PSM(News)

ဧပြီ ၂၅၊ ၂၀၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လောင်းလုံးမြို့မှ ညင်းမော်ရွာသို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန် ဆင်းလာသည့် အဆိုပါ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဗုံးသီး ခြောက် လုံးဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်မှုတွေ ရှိပါတယ်။ အသေးစိတ် အခြေအနေကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အာဏာလုစစ်အုပ်စုသည် အချိန်မရွေး ထပ်မံစစ်ကြောင်းထိုးလာနိုင်သဖြင့် လောင်းလုံး မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိကြရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။

ဓာတ်ပုံ – လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *