PSM(NEWS) ဧပြီ ၂၇၊၂၀၂၆ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ မူဝါဒများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး မော်စကိုနှင့် စစ်ရေးအရ ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။ ယူကရိန်းစစ်ပွဲ ပြီးဆုံးသည့်တိုင်အောင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ကြသည်။ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်က ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သော ရုရှားနိုင်ငံ ကူးစ်ဒေသ၌ ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်များအတွက် ဂုဏ်ပြုဆောက်လုပ်ထားသော အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့တွင် ပြုံယမ်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဘီလိုဆိုဗ်က နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်ပြီး ရေရှည်ခိုင်မာသည့် အခြေခံအုတ်မြစ်ပေါ်တွင် ထားရှိရန် သဘောတူညီခဲ့ပြီး ၂၀၂၇ မှ ၂၀၃၁ ခုနှစ်အထိ အကျုံးဝင်မည့် ငါးနှစ်တာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို ယခုနှစ်နှောင်းပိုင်းတွင် လက်မှတ်ရေးထိုးသွားမည်ဟု ရုရှားသတင်းအေဂျင်စီများက ဖော်ပြသည်။ ”ဒီငါးနှစ်စီမံကိန်းဟာ ယူကရိန်းစစ်ပွဲအလွန်ကာလအတွက် ပြင်ဆင်နေတာကို ပြသနေပါတယ်” ဟု ကျောင်းနမ်တက္ကသိုလ်၊ အရှေ့ဖျားလေ့လာရေးဌာနမှ ပါမောက္ခ လင်အူးလ်ချူးက ပြောကြားသည်။ ၎င်းက စစ်ပွဲပြီးဆုံးသွားလျှင်ပင် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ မဟာမိတ်အဖြစ် အဖွဲ့အစည်းဆိုင်ရာ အဆင့်တစ်ခုသို့ ကူးပြောင်းသွားနိုင်ကြောင်း ဖြည့်စွက်ပြောဆိုသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် မိမိတို့တပ်ဖွဲ့ဝင်များသည် “ကျူးကျော်သူများကို ခြေမှုန်းနိုင်ခဲ့ပြီး” အမေရိကန်နှင့် အနောက်အုပ်စု၏ စစ်ရေးအရ လွှမ်းမိုးလိုသည့် ရည်မှန်းချက်များကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားနှင့် ယူကရိန်းအပါအဝင် အနောက်နိုင်ငံများ၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယားသည် ကူးစ် ဒေသသို့ စစ်သည်အင်အား ၁၄,၀၀၀ ခန့် စေလွှတ်ခဲ့ပြီး ၎င်းတို့အနက် ၆,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ကင်ဂျုံအန်းသည် ကျဆုံးသွားသော စစ်သည်များကို “နိုင်ငံတော်၏ ကြယ်ပွင့်များ” ဟု တင်စားကာ ဂုဏ်ပြုပွဲများနှင့် အထိမ်းအမှတ်ပွဲများ ကျင်းပ၍ ပုံဖော်လျက်ရှိသည်။ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကလည်း အထိမ်းအမှတ်ပွဲသို့ ပေးပို့သည့် သဝဏ်လွှာတွင် ရုရှားနှင့် မြောက်ကိုရီးယားသည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သည်များနှင့် ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးသည့်အတွက် အပြန်အလှန်အားဖြင့် ရုရှားထံမှ စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီများ ရရှိနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့များက သုံးသပ်ထားသည်။ ကိုးကား-Reuters Post navigation နိုင်ငံခြားရေးဝန်ကြီး၏ သံတမန်ရေးရာ ကြိုးပမ်းမှုများ ရှိနေသော်လည်း အမေရိကန်-အီရန် ငြိမ်းချမ်းရေး မျှော်လင့်ချက်များ မှေးမှိန်လာ ဥရောပလက်နက်ကုမ္ပဏီများအပေါ် တရုတ်၏ ပိတ်ဆို့မှုက လက်နက်ဝယ်ယူရေးကို ထိခိုက်မည်မဟုတ်ဟု ထိုင်ဝမ်ပြောကြား