PSM(NEWS)

မတ် ၂၇၊၂၀၂၆

အရှေ့အလယ်ပိုင်းပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအနေဖြင့်”စစ်မှန်ပြီးပွင့်လင်းမြင်သာမှုရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရန် အခြေအနေများ ဖန်တီးကြပါရန်” တရုတ်နိုင်ငံကကြာသပတေးနေ့တွင်တိုက်တွန်းပြောကြားလိုက်သည်။

“လက်ရှိအရေးကြီးဆုံးကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ကြွစွာ ဖော်ဆောင်ဖို့၊ ငြိမ်းချမ်းရေးအခွင့်အလမ်းကိုအရယူဖို့နဲ့စစ်ပွဲရပ်တန့်ရေးကို တွန်းအားပေးဖို့ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်းကျန့်ကပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြားဆွေးနွေးမှုများရှိ၊မရှိမေးမြန်းချက်အပေါ်၎င်းကထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း အမေရိကန်နှင့်အီရန်တို့အကြားဆွေးနွေးမှုဆိုင်ရာ အချက်ပြမှုများ ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးအတွက်”မျှော်လင့်ချက်ရောင်ခြည်”ကိုမြင်တွေ့ရကြောင်းဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းကအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမည်မဖော်လိုသည့် အီရန်အရာရှိများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများရှိခဲ့သည်ဟုဆိုကာအီရန်၏လျှပ်စစ်ဓာတ်အားပေးစနစ်ကိုဗုံးကြဲမည်ဟုခြိမ်းခြောက်မှုကိုရွှေ့ဆိုင်းခဲ့သည်။သို့သော်အီရန်နိုင်ငံဘက်ကမူအမေရိကန်နှင့်ဆွေးနွေးမှုများပြုလုပ်နေခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌၎င်းတို့နိုင်ငံအနေဖြင့်စစ်ပွဲအဆုံးသတ်ရန်အမေရိကန်၏အဆိုပြုချက်ကိုပြန်လည်သုံးသပ်နေသော်လည်းဆွေးနွေးပွဲများကျင်းပရန် ရည်ရွယ်ချက်မရှိသေးကြောင်း ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်ဝါရှင်တန်နှင့်တီဟီရန်တို့အကြားဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ဝမ်ယိကအီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့်ဗုဒ္ဓဟူးနေ့တွင်ဖုန်းဖြင့်ဆက်သွယ်ရာ၌သတိကြီးစွာဖြင့် အကောင်းမြင်ကြောင်း ပြောဆိုခဲ့သည်။

“အရှေ့အလယ်ပိုင်းအခြေအနေဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။အမေရိကန်နဲ့အီရန်နှစ်ဖက်စလုံးကဆွေးနွေးဖို့အချက်ပြမှုတွေလုပ်လာတာဟာငြိမ်းချမ်းရေးအတွက်မျှော်လင့်ချက်ရောင်ခြည်ကိုပေးစွမ်းနေပါတယ်”ဟုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အင်္ဂါနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီနှင့်သီးခြားဖုန်းဆက်သွယ်ရာတွင်လည်း “ငြိမ်းချမ်းရေးအတွက် ရရှိလာတဲ့ အခွင့်အလမ်းနဲ့ပြတင်းပေါက်တိုင်းကိုအရယကြဖို့နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေကိုအမြန်ဆုံးစတင်ကြဖို့”ဝမ်ယိကတိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုးကား Reuters

By Htet Ko