PSM(NEWS)

မတ် ၂၇၊၂၀၂၆

အမေရိကန်အထူးတပ်ဖွဲ့များ၏ ညတွင်းချင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလက်စ် မာဒူရိုသည် မတ်လ ၂၆ရက်ကြာသပတေးနေ တွင်နယူးယောက်တရားရုံး၌ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းကို ခံယူရမည် ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာဖလောရက်စ်တို့သည်ဇန်နဝါရီလအစောပိုင်းက ကာရာကတ်စ်မြို့ရှိ ၎င်းတို့၏ နေအိမ်ဝင်းအတွင်း အမေရိကန်ကွန်မန်ဒိုများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက်ဘရွတ်ကလင်အကျဉ်းထောင်တွင်သုံးလနီးပါးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

အဆိုပါ ရုတ်တရက် စစ်ဆင်ရေးကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ဗင်နီဇွဲလားကို အုပ်ချုပ်ခဲ့သည့် အာဏာရှင်ပြုတ်ကျသွားခဲ့ရပြီးရေနံကြွယ်ဝသောထိုနိုင်ငံသည်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အလိုကျ ဖြစ်လာခဲ့ရသည်။ မာဒူရိုကမူ မိမိကိုယ်ကိုယ်”စစ်သုံ့ပန်း”အဖြစ်သတ်မှတ်ထားပြီးမူးယစ်ဆေးဝါးနှင့်အကြမ်းဖက်မှုပူးပေါင်းကြံစည်မှုအပါအဝင်ပြစ်မှု၄ခုလုံးကိုငြင်းဆိုထားသည်။

ကြာသပတေးနေ့၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ပြုလုပ်မည့် ရုံးချိန်း၌ ရှေ့နေခများ ပေးဆောင်ရေးနှင့်ပတ်သက်၍အငြင်းပွားဖွယ်ရာများ ရှိနေပြီး အမှုကို ပယ်ဖျက်ပေးရန် မာဒူရိုဘက်မှ တောင်းဆိုဖွယ် ရှိသည်။ ဗင်နီဇွဲလားအစိုးရက ရှေ့နေခများ ကျခံပေးရန် ကြိုးပမ်းနေသော်လည်းဝါရှင်တန်၏ပိတ်ဆို့အရေးယူမှုများကြောင့် မာဒူရို၏ ရှေ့နေ ဘာရီ ပိုလတ်ခ်သည် လိုအပ်သော လုပ်ငန်းလိုင်စင် ရရှိရန် အခက်တွေ့နေရသည်။

မာဒူရိုနှင့် ဇနီးကို တင်ဆောင်လာသည်ဟု ယူဆရသောရဲတပ်ဖွဲ့ယာဉ်တန်းသည်မန်ဟက်တန်တရားရုံးသို့ရောက်ရှိရန်နံနက်၄နာရီခန့်တွင်အကျဉ်းထောင်မှထွက်ခွာလာခဲ့ကြောင်း AFP သတင်းထောက်များက တွေ့ရှိခဲ့သည်။ တရားရုံးပြင်ပတွင်မာဒူရိုကိုထောက်ခံသူများနှင့်ကန့်ကွက်သူများစုဝေးခဲ့ကြပြီးအချို့ကမာဒူရိုကို အကျဉ်းသားဝတ်စုံဖြင့်သရုပ်ဖော်ထားသည့်အရုပ်ကြီးများကိုကိုင်ဆောင်ကာဆန္ဒပြခဲ့ကြသည်။

မာဒူရိုသည် အင်တာနက်နှင့် သတင်းစာများ ဖတ်ခွင့်မရဘဲ သီးသန့်ဆဲလ်တစ်ခုအတွင်း ထိန်းသိမ်းခံထားရကြောင်း သိရသည်။ ၎င်းသည် သမ္မာကျမ်းစာကို ဖတ်ရှုနေပြီး အခြားသော အကျဉ်းသားအချို့က ၎င်းကို “သမ္မတ”ဟုခေါ်ဝေါ်ကြကြောင်းသတင်းရင်းမြစ်များက ဆိုသည်။

ဇန်နဝါရီ ၃ ရက် အစောပိုင်းက ပြုလုပ်ခဲ့သော အမေရိကန်၏တိုက်ခိုက်မှုအတွင်းဗင်နီဇွဲလားဘက်မှ အနည်းဆုံး ၈၃ ဦး သေဆုံးခဲ့ပြီး ၁၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းဗင်နီဇွဲလားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် အမေရိကန်စစ်သည် တစ်ဦးမျှ သေဆုံးခြင်း မရှိခဲ့ပေ။

လက်ရှိတွင်ဗင်နီဇွဲလားနိုင်ငံကိုဒဲလ်ဆီရော့ဒရီဂွက်ဇ်က ဦးဆောင်နေပြီး၎င်းသည်အမေရိကန်၏ ဖိအားပေးမှုအောက်တွင်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်းနှင့်ရေနံဆိုင်ရာဥပဒေများကိုပြုပြင်ပြောင်းလဲခြင်းများလုပ်ဆောင်နေရသည်။ယခုလအတွင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားနှင့်သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်တော့မည်ဖြစ်ကြောင်းကြေညာခဲ့ရာနှစ်နိုင်ငံဆက်ဆံရေးပြန်လည်နွေးထွေးလာမည့် လက္ခဏာများ တွေ့မြင်နေရသည်။

ကိုးကား CNA

By Htet Ko