PSM(NEWS) မတ် ၂၆၊၂၀၂၆ လေးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော တိုက်ပွဲများကို ရပ်တန့်ရန်အတွက် အီရန်နိုင်ငံသည် သဘောတူညီချက်တစ်ခုရရှိရန် အသည်းအသန် လိုလားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ၎င်းတို့အနေဖြင့် အမေရိကန်၏ အဆိုပြုချက်ကိုပြန်လည်သုံးသပ်နေသော်လည်း ပဋိပက္ခလျှော့ချရေးအတွက်ဆွေးနွေးပွဲများ ပြုလုပ်ရန်ရည်ရွယ်ချက်မရှိကြောင်းတုံ့ပြန်ခဲ့သဖြင့် အခြေအနေများ ရှုပ်ထွေးလျက်ရှိသည်။ အဆိုပါ ကွဲလွဲနေသော ထုတ်ပြန်ချက်များသည် စစ်ပွဲ၏စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်မှုများမြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီးနိုင်ငံများနှင့်ကုမ္ပဏီများသည်ယင်း၏နောက်ဆက်တွဲဆိုးကျိုးများကိုထိန်းချုပ်ရန်ကြိုးပမ်းနေကြရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ က အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမှု သို့မဟုတ် ညှိနှိုင်းမှုများ မရှိသေးသော်လည်း ကြားခံများမှတစ်ဆင့် သတင်းစကားများ အပြန်အလှန်ပေးပို့မှုများရှိကြောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့နိုင်ငံတွေကတစ်ဆင့် သတင်းစကားတွေပေးပို့တာ၊ကျွန်တော်တို့ဘက်ကရပ်တည်ချက်တွေကိုပြန်ပြောတာဒါမှမဟုတ်လိုအပ်တဲ့သတိပေးချက်တွေထုတ်ပြန်တာကိုညှိနှိုင်းမှုဒါမှမဟုတ်ဆွေးနွေးပွဲလို့ခေါ်လို့မရပါဘူး”ဟုအာရတ်ချီကဗုဒ္ဓဟူးနေ့တွင်နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။ သို့သော်လည်းသမ္မတထရန့်ကဝါရှင်တန်တွင်ပြုလုပ်သည့်အခမ်းအနားတစ်ခု၌ပြောကြားရာတွင်အီရန်ခေါင်းဆောင်များသည်သဘောတူညီချက်ရရှိရန်အလွန်အမင်းအလိုရှိနေကြသော်လည်း၎င်းတို့၏ပြည်သူများသို့မဟုတ်အမေရိကန်၏သတ်ဖြတ်ခြင်းကိုခံရမည်ကိုစိုးရိမ်နေကြသဖြင့်ထုတ်ဖော်ပြောဆိုရန်ကြောက်ရွံ့နေကြခြင်းဖြစ်ကြောင်း ဆိုသည်။ ဖေဖော်ဝါရီ၂၈ရက်တွင်အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတစ်ခွင်တွင်လူပေါင်းထောင်ချီသေဆုံးခဲ့ရပြီးအဆင့်မြင့်အရာရှိအများအပြားလည်းပါဝင်ခဲ့သည်။အီရန်နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါမေနီသည်လည်း စစ်ပွဲပထမနေ့တွင်အစ္စရေး၏တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီး၎င်း၏သားဖြစ်သူမော့ဂျ်တာဘာကဆက်ခံခဲ့သော်လည်း၎င်းကိုလည်းလူမြင်ကွင်းတွင် တွေ့ရှိရခြင်း မရှိသေးပေ။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားမှုကြောင့်သမိုင်းတစ်လျှောက်အဆိုးရွားဆုံး စွမ်းအင် အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့်လေကြောင်းလိုင်းများမှသည် ကုန်စုံဆိုင်များအထိ လုပ်ငန်းအမျိုးမျိုးအခက်တွေ့နေရပြီး၊ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကစစ်ပွဲသာဇွန်လအထိဆက်ဖြစ်နေပါကလူသန်းပေါင်းများစွာငတ်မွတ်ခေါင်းပါးမှုနှင့်ရင်ဆိုင်ရနိုင်ကြောင်းခန့်မှန်းထားသည်။ အမေရိကန်က ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ပေးပို့ထားသောအချက်၁၅ချက်ပါအဆိုပြုချက်တွင်ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ရန်၊အီရန်၏ ယူရေနီယံသိုလှောင်မှုများကို ဖယ်ရှားရန်နှင့် ဘောလစ်စတစ်ဒုံးကျည်အစီအစဉ်ကိုကန့်သတ်ရန် စသည့်အချက်များပါဝင်ကြောင်းသိရသည်။ သို့သော်လည်းအစ္စရေးဘက်ကမူအီရန်အနေဖြင့်ယင်းအချက်များကိုသဘောတူရန်မလွယ်ကူဟု သံသယရှိနေသည်။ အပစ်အခတ်ရပ်စဲရေးမျှော်လင့်ချက်များမှေးမှိန်လာမှုနှင့်အတူကမ္ဘာ့စတော့ဈေးကွက်များပြန်လည်ကျဆင်းသွားပြီးရေနံဈေးနှုန်းများမှာဆက်လက်မြင့်တက်နေသည်။အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်အကြီးအကဲအက်ဒ်မီရယ် ဘရတ်ဒ် ကူးပါးက အမေရိကန်တပ်ဖွဲ့များသည် အီရန်အတွင်းရှိ ပစ်မှတ်ပေါင်း ၁၀,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အီရန်၏ ရေတပ်နှင့် ဒုံးကျည်စွမ်းဆောင်ရည် ၉၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်ကလည်းကမ္ဘာကြီးသည်ဒေသတွင်းစစ်ပွဲကြီးတစ်ခုဆီသို့ဦးတည်နေကြောင်းသတိပေးလိုက်ပြီး”စစ်ရေးအရတင်းမာမှုတွေတိုးမြှင့်နေမယ့်အစားသံတမန်ရေးရာလမ်းကြောင်းကိုအသုံးပြုကြဖို့အချိန်တန်ပြီ”ဟုတိုက်တွန်းပြောကြားခဲ့ပါသည်။ ကိုးကား Reuters Post navigation ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခရီးသည်တင်ဘတ်စ်ကား မြစ်အတွင်း ထိုးကျမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံး အီရန်စစ်ပွဲတွင်ငြိမ်းချမ်းရေဆွေးနွေးမှုများပြုလုပ်ရန်တရုတ်တိုက်တွန်း