PSM(NEWS)

မတ် ၂၇ ၊၂၀၂၆

အီရန်နိုင်ငံ၏မဟာဗျူဟာမြောက်ရေနံအချက်အခြာနေရာဖြစ်သော ခါ့ဂ်ကျွန်း ကိုသိမ်းပိုက်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်သင့်၊ မသင့် သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားသုံးသပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်သော်လည်းအမေရိကန်တပ်ဖွဲ့ဝင်များအတွက်အန္တရာယ်ကြီးမားနိုင်သလို စစ်ပွဲကိုလည်း ပိုမိုရှည်ကြာစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။

ခါ့ဂ်ကျွန်းသည်အီရန်ကမ်းရိုးတန်းမှ၁၆မိုင်(၂၆ကီလိုမီတာ)အကွာ၊ပါရှန်ကွေ့မြောက်ဘက်စွန်းတွင် တည်ရှိပြီး ဟော်မုဇ်ရေလက်ကြား ၏ အနောက်မြောက်ဘက်မိုင်၃၀၀ခန့်တွင်တည်ရှိသည်။ ၎င်းကျွန်းသည် ရေနက်ပိုင်းတွင်ရှိသဖြင့် အီရန်ပြည်မကြီး၏တိမ်လုနီးပါးကမ်းရိုးတန်းရေပြင်သို့မကပ်နိုင်သောရေနံတင်သင်္ဘောကြီးများဆိုက်ကပ်နိုင်သည့်တစ်ခုတည်းသောနေရာဖြစ်သည်။

အီရန်နိုင်ငံ ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကို ယင်းကျွန်းမှတစ်ဆင့်ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းကျွန်းကို သိမ်းပိုက်နိုင်ပါက အီရန်၏ စွမ်းအင်ကုန်သွယ်မှုကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေပြီး တီဟီရန်အစိုးရ၏ စီးပွားရေးအပေါ်ကြီးမားသောဖိအားများပေးနိုင်မည်ဖြစ်သည်။အီရန်သည်ကမ္ဘာ့ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) တွင် တတိယမြောက် ရေနံအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

မတ်လလယ်ပိုင်းတွင်အမေရိကန်တပ်ဖွဲ့များသည် ခါ့ဂ်ကျွန်းကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ သမ္မတထရမ့်ကထိုကျွန်းပေါ်ရှိစစ်ရေးပစ်မှတ်အားလုံးကို“အမြစ်ပြတ်ချေမှုန်း”နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့်နောက်တစ်ဆင့်အနေဖြင့်ရေနံဆိုင်ရာအခြေခံအဆောက်အအုံများကိုပစ်မှတ်ထားနိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် မြေပြင်တပ်ဖွဲ့များကို ကျွန်းပေါ်သို့ စေလွှတ်ရန် စဉ်းစားနေကြောင်း အရာရှိများကရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။မတ်လကုန်ပိုင်းတွင်မရိန်းတပ်ဖွဲ့ဝင်နှစ်စုဒေသတွင်းသို့ရောက်ရှိလာနိုင်ပြီးပင်တဂွန်အနေဖြင့်သမ္မတအတွက်စစ်ရေးရွေးချယ်ခွင့်များပိုမိုရရှိစေရန်လေထီးတပ်သားထောင်ပေါင်းများစွာကိုပါစေလွှတ်ရန်စီစဉ်နေကြောင်းသတင်းရင်းမြစ်များက ဆိုသည်။

အမေရိကန်တပ်ဖွဲ့များအနေဖြင့် ကျွန်းကို လျင်မြန်စွာ သိမ်းပိုက်နိုင်သော်လည်း ၎င်းသည် သမ္မတ ထရမ့် မျှော်လင့်ထားသကဲ့သို့ စစ်ပွဲကို ပြတ်ပြတ်သားသားအဆုံးသတ်နိုင်မည်မဟုတ်ကြောင်း ပညာရှင်များက သတိပေးသည်။

“ခါ့ဂ်ကျွန်းကို သိမ်းပိုက်ထိန်းချုပ်တာဟာ စစ်ပွဲကို အဆုံးသတ်စေဖို့ထက် စစ်မီးကို ပိုမိုကျယ်ပြန့်လာစေဖို့ပဲ ရှိပါတယ်” ဟု ဒီမိုကရေစီကာကွယ်ရေး ဖောင်ဒေးရှင်း (FDD) မှ ရိုင်ယန် ဘရော့စ်နှင့် ကင်မရွန် မက်မီလန် တို့က ရေးသားခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များသည်အီရန်၏ဒုံးကျည်နှင့်ဒရုန်းတိုက်ခိုက်မှုများကိုရင်ဆိုင်ရနိုင်ပြီး၊အထူးသဖြင့် ယူကရိန်းစစ်ပွဲတွင်အမြောက်အမြား အသုံးပြုနေသည့်လူကိုယ်တိုင်ထိန်းချုပ်မောင်းနှင်ရသော (FPV) ဒရုန်းများ၏ အန္တရာယ်ကို ကြုံတွေ့ရနိုင်သည်။ ထို့အပြင်အီရန်အစိုးရသည် အမေရိကန်စစ်သည်များသေဆုံးမှုကိုဝါဒဖြန့်ရန်အတွက်အဆိုပါတိုက်ခိုက်မှုဗီဒီယိုများကိုအွန်လိုင်းတွင်လွှင့်တင်လာနိုင်ကြောင်း၎င်းတို့ကထောက်ပြသည်။

အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်၏အကြီးအကဲဟောင်း ဂျိုးဇက် ဗိုတယ်က ခါ့ဂ်ကျွန်းကို ထိန်းချုပ်ရန် တပ်ဖွဲ့ဝင် ၈၀၀ မှ ၁,၀၀၀ ခန့်သာ လိုအပ်သော်လည်း၎င်းတို့အတွက်ထောက်ပံ့ပို့ဆောင်ရေးနှင့်အကာအကွယ်ပေးရေးအတွက်နောက်ထပ်အင်အားများစွာလိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းကယခုစစ်ဆင်ရေးသည်အမေရိကန်တပ်ဖွဲ့များကိုအန္တရာယ်တွင်းသို့တွန်းပို့ရာရောက်နိုင်ပြီး သိသာထင်ရှားသောစစ်ရေးအားသာချက်ရရှိနိုင်မည်ကိုသံသယရှိကြောင်းလည်းမှတ်ချက်ပြုခဲ့သည်။

ကိုးကား Reuters

By Htet Ko