PSM (News) မတ် ၂၇ ၊ ၂၀၂၆ ယနေ့ မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့ (သို့မဟုတ်) စစ်အုပ်စု၏ တပ်မတော်နေ့ အခမ်းအနားများ ပြီးဆုံးပြီးနောက် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း အပြောင်း အလဲများ ဖြစ်ပေါ်လာမည်ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သည့် ပြည်တွင်းအခြေစိုက် သတင်းဌာနများတွင် ဖော်ပြသည်။ နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာတွင် ယမန်နေ့ မတ်လ ၂၆ ရက် ညပိုင်းက ကျင်းပသည့် အငြိမ်းစား အရာရှိကြီးများအား ဂါရဝပြုကန်တော့သည့် အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ကာ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာမည်ဖြစ်ပြီး ၎င်းတို့ထံသို့ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဟု ဆိုသည်။ အလားတူ စစ်ဘက်ပိုင်းတွင်လည်း တပ်မတော်နေ့ပြီးလျှင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ရှိလာမည်ဖြစ်ကြောင်း၊ မည်သူကပင် ဦးဆောင်သည်ဖြစ်စေ ရှေ့ခေါင်းဆောင်များ၏ လမ်းညွှန်ချက် အတိုင်း ဆက်လက် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ အခမ်းအနား၌ တပ်ချုပ်ဘဝ၏ နောက်ဆုံးမိန့်ခွန်းကို ပြောကြားဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် သမ္မတ ရာထူးကို ရယူနိုင်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် လက်ရှိဒုတပ်ချုပ် စိုးဝင်း၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သို့မဟုတ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့အနက် တစ်ဦးဦး ဖြစ်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ခန့်မှန်းလျက် ရှိသည်။ ဓာတ်ပုံ-MRTV Post navigation ထိုင်းနိုင်ငံ ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် မြန်မာ ၈၈ ဦးကိုပြန်ပို့ ၊စစ်ကော်မရှင်က အသက်ပြည့်မီသူများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီး ခေါ်ဆောင်မှုများရှိ ဗမာ့တပ်တော် အပတ်စဉ်-၄ စစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ