PSM (News)

မတ် ၂၆ ၊ ၂၀၂၆

ထိုင်းနိုင်ငံရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၈၈ ဦးကို မတ်လ ၂၅ ရက် ရက်က ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် ပြန်ပို့ခဲ့ကြောင်း ရနောင်းလူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ၊ ရနောင်းခရိုင် ၊ ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသားအမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၁ ဦး ကိုပြန်ပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်းသိရသည်။

ရနောင်းခရိုင် လဝက ဒုတိယရဲမှူးကြီး ၊ ရနောင်းခရိုင်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ နှင့် ပြည်နှင် ဒဏ်ပေးရေးကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က ရနောင်း အကောက် ခွန်ဆိပ်ကမ်း၌ ရနောင်း-ကော့သောင်း လမ်းကြောင်းမှတစ်ဆင့်အဆိုပါ မြန်မာနိုင်ငံသား များကိုပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ ကလည်း မြန်မာနိုင်ငံသား ၁၀၄ ဦးကို ရနောင်း-ကော့သောင်း လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပြောင်းခဲ့ကြောင်း ရနောင်းလူဝန်မှုကြီးကြပ်ရေးဌာနထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ရနောင်းဘက်မှ ပြန်လည်ပို့ဆောင်ခံရသူများအနက် စစ်မှုထမ်းရန် အသက်မီသည့် လူငယ်များကို စစ်မှုထမ်းရန်အတွက် စစ်ကော်မရှင်က တိုက်ရိုက်ဖမ်းဆီး ခေါ်ဆောင်မှုများ ရှိနေ၍ မိသားစုဝင်များနှင့် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ranong immigration

By Htet Ko

You missed