PSM(NEWS) မတ် ၂၇၊၂၀၂၆ အီရန်လွှတ်တော်က အရေးပါသော ရေကြောင်းလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို အခွန်အခ တရားဝင်ကောက်ခံရန် အစီအစဉ်များ မချမှတ်မီကပင် ဟော်မုဇ် ရေလက်ကြားတွင်အီရန်က“လက်တွေ့ကျသောဂိတ်ကြေးကောက်ခံသည့်စနစ်” ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်သော Lloyd’s List ၏ ဖော်ပြချက်အရ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် သင်္ဘောများအနေဖြင့် အထောက်အထား အပြည့်အစုံတင်ပြရန်၊ခွင့်ပြုချက်ကုဒ်နံပါတ်များ ရယူရန်နှင့် သတ်မှတ်ထားသော စင်္ကြံလမ်းကြောင်းအတွင်းမှ အစောင့်အရှောက်ဖြင့် ဖြတ်သန်းရန် တောင်းဆိုထားကြောင်း သိရသည်။ ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့ရေနံလိုအပ်ချက်၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ နေရာဖြစ်သောကြောင့် ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်လမ်းကြောင်း တစ်ခု ဖြစ်သည်။ “ဟော်မုဇ် ရေလက်ကြားအပေါ် အီရန်ရဲ့ အချုပ်အခြာအာဏာ၊ ထိန်းချုပ်မှုနဲ့ ကြီးကြပ်မှုကို တရားဝင်ဖြစ်စေဖို့နဲ့ အခွန်အခ ကောက်ခံမှုကတစ်ဆင့် ဝင်ငွေရရှိဖို့ အီရန်လွှတ်တော်က ဥပဒေကြမ်းကို ဆောင်ရွက်နေပါတယ်” ဟု လွှတ်တော်အမတ် မိုဟာမက်ရီဇာ ရေဇိုင်း ကူချီ ( က ပြောကြားကြောင်း Fars နှင့် Tasnim သတင်းဌာနများက ဖော်ပြသည်။ “ကျွန်တော်တို့က လုံခြုံရေးပေးနေတာ ဖြစ်တဲ့အတွက် သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေက အခုလို အခွန်အခတွေ ပေးဆောင်ရမှာက သဘာဝကျပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ Lloyd’s List ၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ မတ်လ ၁၃ ရက်နေ့မှစ၍ သင်္ဘော ၂၆ စင်းခန့်သည် IRGC ထိန်းချုပ်ထားသော လမ်းကြောင်းမှ ဖြတ်သန်းခဲ့ပြီး၊ မတ်လ ၁၅ ရက်နောက်ပိုင်းတွင် ပုံမှန်ရေကြောင်းလမ်းမှ ဖြတ်သန်းမှု မရှိတော့ကြောင်း သိရသည်။ အီရန်စနစ်အတွင်း ဝင်ရောက်မည့် မည်သည့်သင်္ဘောမဆို IRGC နှင့် ဆက်နွှယ်သည့် ကြားခံအဖွဲ့အစည်းများကို ဆက်သွယ်ရမည်ဖြစ်ပြီး သင်္ဘောအမှတ်၊ ပိုင်ဆိုင်မှုအဆင့်ဆင့်၊ ကုန်ပစ္စည်းအမျိုးအမည်၊ ဆိုက်ကပ်မည့်နေရာနှင့် သင်္ဘောသားစာရင်း အပြည့်အစုံကို တင်ပြရမည်ဖြစ်သည်။ အဆိုပါ အထောက်အထားများကို IRGC ရေတပ်၏ ဟော်မိုဂန်ပြည်နယ် စစ်ဌာနချုပ် သို့ ပေးပို့ကာ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းနှင့် “ပထဝီနိုင်ငံရေးအရ စိစစ်ခြင်း”တို့ ပြုလုပ်ရမည်ဖြစ်သည်။ စစ်ဆေးမှုအောင်မြင်ပါက IRGC က ခွင့်ပြုချက်ကုဒ်နှင့် လမ်းကြောင်းညွှန်ကြားချက်များ ပေးအပ်ကာ လာရက်ကျွန်းအနီးရှိ အီရန်ပိုင်နက်ရေပြင်အတွင်း လမ်းညွှန်သင်္ဘောဖြင့် လိုက်ပါပို့ဆောင်ပေးမည် ဖြစ်သည်။ အနည်းဆုံး သင်္ဘောနှစ်စင်းသည် ဂိတ်ကြေးကို တရုတ်ယွမ်ငွေဖြင့်တိုက်ရိုက်ပေးဆောင်ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ က ပါကစ္စတန်၊ အိန္ဒိယ၊ အီရတ်၊ တရုတ်နှင့် ရုရှားကဲ့သို့သော “မိတ်ဖက်နိုင်ငံများ” ကို ရေလက်ကြားအား အသုံးပြုခွင့်ပေးထားကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ဤစနစ်သည် သင်္ဘောကုမ္ပဏီများအတွက် ဥပဒေကြောင်းအရ ကြီးမားသော စွန့်စားမှုများ ရှိနေသည်။ IRGC ကို အမေရိကန်ဥပဒေအရ “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” (FTO) အဖြစ် သတ်မှတ်ထားသောကြောင့် သွယ်ဝိုက်၍ဖြစ်စေ ငွေပေးဆောင်ခြင်းသည် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရနိုင်ခြေ ရှိသည်။ ဟော်မုဇ် ရေလက်ကြားသည် နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်ပြီး သင်္ဘောအားလုံး လွတ်လပ်စွာ သွားလာခွင့် ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အခွန်အခများ တရားဝင် ကောက်ခံခြင်းသည် ပင်လယ်အော်ရှိ အာရပ်နိုင်ငံများနှင့် အနောက်နိုင်ငံများ၏ ပြင်းထန်သော ကန့်ကွက်မှုကို ရင်ဆိုင်ရဖွယ် ရှိနေသည်။ ကိုးကား The Independent Post navigation ရုရှား၏ ရေနံတင်ပို့မှုစွမ်းရည် အနည်းဆုံး ၄၀ ရာခိုင်နှုန်းခန့် ရပ်တန့်နေ မြောက်ကိုရီးယားနှင့် ဘီလာရုစ်နိုင်ငံတို့ “ချစ်ကြည်ရေး” စာချုပ် လက်မှတ်ရေးထိုး