PSM(NEWS)

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းများပေါ်တွင် လူပေါင်း ၈,၀၀၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်းနိုင်ငံတကာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများအဖွဲ့ (IOM) က ထုတ်ပြန်သည်။

IOM၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ အေမီပုပ် က ဤသို့ အသက်ဆုံးရှုံးနေရခြင်းမှာ လက်ခံနိုင်စရာမရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကျရှုံးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိန်းဂဏန်းများအရ ယခင်နှစ်ထက် လျော့နည်းသွားသည်ဟု ထင်ရသော်လည်း၊ အစစ်အမှန် သေဆုံးသူ အရေအတွက်မှာ ယခုထက် များစွာပိုမိုနိုင်ပါသည်။ ရန်ပုံငွေဖြတ်တောက်ခံရမှုကြောင့် သေဆုံးမှုစာရင်းများကိုအသေးစိတ် လိုက်လံကောက်ယူရန် ခက်ခဲနေခြင်း ဖြစ်သည်။

တရားဝင်လမ်းကြောင်းများ နည်းပါးလာခြင်းကြောင့် လူအများမှာ လူမှောင်ခိုသမားများကို အားကိုးနေရသည်။အထူးသဖြင့်မြေထဲပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ လမ်းကြောင်းများသည် အသက်အန္တရာယ် အရှိဆုံးဖြစ်နေဆဲ ဖြစ်သည်။

အာရှဒေသတွင် အာဖဂန်နစ္စတန် နိုင်ငံသား အများစု အပါအဝင် လူပေါင်း ၃,၀၀၀ ခန့် သေဆုံးခဲ့သည်။ အာဖရိကဦးချိုဒေသ လမ်းကြောင်းပေါ်တွင်လည်းအီသီယိုးပီးယားနိုင်ငံသား အများအပြား သင်္ဘောတိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ဤသေဆုံးမှုများသည် ရှောင်လွှဲ၍ရနိုင်သော ကိစ္စများဖြစ်ကြောင်း အေမီပုပ်ကဆိုသည်။ ဘေးကင်းပြီး တရားဝင်သော လမ်းကြောင်းများကို ဖော်ဆောင်ပေးရန် ၎င်းက တောင်းဆိုထားသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိပင် မြေထဲပင်လယ်အတွင်းရွှေ့ပြောင်းသွားလာသူ ၆၀၀ ကျော် ထပ်မံ သေဆုံးခဲ့ပြီးဖြစ်ရာ ဤဖြစ်ရပ်ဆိုးများမှာဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကိုးကား Reuters

#ရွှေ့ပြောင်းသွားလာမှု

#မြေထဲပင်လယ်

#အသက်ဆုံးရှုံး

#iom

#PSM_News

By Htet Ko