PSM(NEWS)

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံသူပေါင်း ၁ သိန်းကျော်ရှိခဲ့ကြောင်း၊ယင်းမှာ ယခင်နှစ်ထက် အနည်းငယ်လျော့နည်းသွားသော်လည်း ကိုဗစ်ကပ်ရောဂါမတိုင်မီကထက် သိသိသာသာ မြင့်မားနေဆဲဖြစ်ကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြနေသည်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော အစိုးရကိန်းဂဏန်းများအရ ၂၀၂၅ခုနှစ်တွင် ခိုလှုံခွင့်လျှောက်ထားသူ ၁၀၀,၆၂၅ ဦးရှိခဲ့ပြီး ၎င်းမှာ ၂၀၂၄ခုနှစ်ထက် ၄ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ သို့သော် ခိုလှုံခွင့် တောင်းခံသူ ၄၅,၅၃၇ ဦးသာရှိခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုများပြားနေဆဲ ဖြစ်သည်။

လှေငယ်များဖြင့် ဗြိတိန်သို့ ရောက်ရှိလာသူ အရေအတွက်မှာ တစ်နှစ်ထက်တစ်နှစ် ၁၃ ရာခိုင်နှုန်းမြင့်တက်လာပြီး ၄၅,၇၇၄ ဦး အထိရှိခဲ့သည်။ သို့သော် ယင်းကိန်းဂဏန်းမှာ အမြင့်ဆုံးစံချိန်တင်ခဲ့သည့် ၂၀၂၂ ခုနှစ်ထက် လျော့နည်းနေသေးကြောင်း သိရသည်။

ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းမှာ အင်္ဂလိပ်ရေလက်ကြားကို စွန့်စွန့်စားစား ဖြတ်ကျော်လာကြသည့် လှေငယ်စီး ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ကြပြီး၊ အီရီထရီးယား (Eritrea)နိုင်ငံသားများမှာ အများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များက ဆိုသည်။

နိုင်ငံခြားသားများအတွက် ထုတ်ပေးသည့် အလုပ်ဗီဇာအရေအတွက်မှာ ၁၉ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းခဲ့သည်။ ယင်းမှာ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေးကဏ္ဍ ဗီဇာစည်းမျဉ်းများကို ပိုမိုတင်းကျပ် လိုက်ခြင်းကြောင့်ဖြစ်သည်။

ထို့အတူ နိုင်ငံခြားသား ကျောင်းသားများအတွက် ထုတ်ပေးသည့် ဗီဇာအရေအတွက်မှာလည်း ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဗီဇာ ၄၀၇,၀၀၀ ခန့်သာ ထုတ်ပေးခဲ့သည်။

ခိုလှုံခွင့် တောင်းခံသူ အများဆုံးရှိသည့် နိုင်ငံ ၅ နိုင်ငံမှာ ပါကစ္စတန်၊ အီရီထရီးယား၊အီရန်၊ အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ “ဒီကိန်းဂဏန်းတွေဟာ နယ်စပ်ထိန်းချုပ်မှုနဲ့ စနစ်တကျရှိစေဖို့ လုပ်ဆောင်ရာမှာ တကယ့်တိုးတက်မှုတွေကို ပြသနေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်း၏အဆိုအရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၀,၀၀၀ နီးပါးကို ပြန်လည်နှင်ထုတ်နိုင်ခဲ့ကြောင်းနှင့် ခိုလှုံခွင့်တောင်းခံသူများကို ဟိုတယ်များတွင် ထားရှိရသည့် အရေအတွက်မှာလည်း လျော့ကျသွားကြောင်း သိရသည်။

သို့သော် ရွှေ့ပြောင်းနေထိုင်သူများအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူများကမူ ခိုလှုံခွင့်လျှောက်ထားမှုများသည် သမိုင်းဝင်စံနှုန်းများထက် ပိုမိုမြင့်မားနေဆဲဖြစ်ပြီး အယူခံဝင်မှုများကြန့်ကြာနေခြင်းကြောင့် စနစ်အတွင်း ပိတ်မိနေသူများစွာ ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

အထူးသဖြင့် ဗြိတိန်နိုင်ငံကို ကူညီခဲ့ဖူးသဖြင့် တရားဝင်ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ရောက်ရှိလာသည့် အာဖဂန်နစ္စတန် မိသားစုပေါင်း၄,၀၀၀ ကျော်မှာလည်း ယနေ့တိုင် စစ်ဘက်ဆိုင်ရာအဆောက်အအုံများကဲ့သို့သော ယာယီခိုလှုံရာနေရာများတွင်သာ နေထိုင်နေရဆဲဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ကိုးကား The Independent

#PSM_News

#အီရီထရီးယား

#၁_သိန်းကျော်

#ခိုလှုံခွင့်လျှောက်ထားသူ

#ဗြိတိန်

#ယာယီခိုလှုံရာနေရာ

By Htet Ko