PSM(News) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ တိုက်ပွဲဇုံအတွင်း ပြည်သူများ သတိလက်လွတ် ဖြတ်သန်းသွားလာမှုများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ရေးရည်မှန်းချက်များကို အဟန့်အတားဖြစ်စေခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင်များ ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်စေကြောင်း ဖြစ်စဉ်တစ်ခုကိုအခြေခံ၍ ဓနုဒေသ ၁၀၀၃ တပ်ရင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တစ်နေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များဘက်က စစ်ရေးအရ အသာစီးရနေချိန်တွင် အရပ်သားပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးမှာ တိုက်ပွဲဇုံအတွင်းသို့ မတော်တဆ မောင်းနှင် ဝင်ရောက်လာခဲ့သည်။ ထိုသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ်၍ တပ်ရင်း (၁၀၀၃) ဘက်က ပစ်ခတ်မှုကို ချက်ချင်းရပ်တန့်ပေးခဲ့ရာ ပိတ်မိနေသည့် စစ်ကော်မရှင်တပ်သား ငါး ဦးခန့်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ မိမိတို့၏ မူလစစ်ရေးရည်မှန်းချက်များကို လက်လွှတ်ခဲ့ရသည့် ဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်ပေါ်စေရန်နှင့် ပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက် တိုက်ပွဲဧရိယာအတွင်း သတိဝိရိယဖြင့် သွားလာကြရန် ဓနု PDF က အသိပေးထားသည်။ ထို့ပြင် ပြည်သူများအနေဖြင့် သေနတ်သံကြားသည်နှင့် ဘေးလွတ်ရာသို့ အမြန်ဆုံးပုန်းရှောင်ကြရန်နှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ ဒေါက်တိုင်များနှင့် ဝေးဝေးနေထိုင်ကြရန်လည်း မေတ္တာရပ်ခံ ထားသည်။ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ကျောက်ငှက်-အုတ်တွင်း လမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက် ၅ လက်၊ ကျည် ၆၀၀ ကျော်နှင့် ဆက်သွယ်ရေးစက်ကြီးများကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မျှားကလေးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော် မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း သိရသည်။ ဓနုဒေသ ၁၀၀၃ တပ်ရင်းသည် ယခင်ကလည်း ရွာငံမြို့အဝင် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကော် မရှင်တပ်များကို တိုက်ခိုက်ခဲ့ရာ ရဲမှူးတစ်ဦးအပါအဝင် ခြောက် ဦး သေဆုံးခဲ့သလို၊ ခရီးသွားများထံမှ ငွေညှစ်နေသည့် အဖွဲ့များကိုလည်း နှိမ်နင်းခဲ့သည့် စစ်ရေးအတွေ့အကြုံရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ-ဓနု-၁၀၀၃ တပ်ရင်း #ပြည်သူ့စစ်ရေးသတိ #ရန်သူလွတ်မြောက် #တိုက်ပွဲ #ဗိုလ်ကြီး #ဓနု၁၀၀၃တပ်ရင်း #PSM_News Post navigation စစ်ကိုင်း၊ ဟော်ဇောင်းကို စစ်ကော်မရှင်က တစ်နေကုန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဈေးတန်း အပါအဝင် လူစည်ကားရာနေရာများ ထိမှန်၍ အရပ်သားအများအပြား သေဆုံးနိုင် စစ်ကိုင်းခရိုင်အတွင်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖွင့်လှစ်ထားသည့် ကုန်း၊ ရေ ဂိတ်များအားလုံး ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထား ပိတ်ရန် NUG ညွှန်ကြား