PSM(NEWS)

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

ဂျာမနီလွှတ်တော်အမတ်များသည် နိုင်ငံ၏ စစ်တပ်တွင် ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်ရန်အစီအစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက်က ထောက်ခံအတည်ပြုလိုက်ပြီး ဂျာမနီကာကွယ်ရေးနည်းပညာ ကုမ္ပဏီသစ်နှစ်ခုနှင့် စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့သည်။

မြူးနစ်အခြေစိုက် Helsing ကုမ္ပဏီနှင့် ဘာလင်အခြေစိုက် Stark Defence ကုမ္ပဏီတို့နှင့် ချုပ်ဆိုသည့် အဆိုပါစာချုပ်များသည် စုစုပေါင်းတန်ဖိုး ယူရို ၅၃၆ သန်း ရှိပြီး နောက်ပိုင်းတွင် ယူရို ဘီလီယံနှင့်ချီ၍ တိုးမြှင့်ဝယ်ယူနိုင်သည့် အခွင့်အလမ်းများလည်း ပါဝင်သည်။

ဂျာမနီပါလီမန်၏ ဘဏ္ဍာရေးကော်မတီသည် Stark Defence ကုမ္ပဏီတွင် အမေရိကန် ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ ပီတာ သီးလ် ပါဝင်ပတ်သက်နေမှုအပေါ် ဝေဖန်မှုအချို့ ရှိနေသော်လည်း ယခုသဘောတူညီချက်ကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ တိုက်ခိုက်ရေးဒရုန်းများကို ၂၀၂၇ ခုနှစ်တွင် လစ်သူယေးနီးယားနိုင်ငံ၌ စတင်တပ်ဖြန့်ထားရန် မျှော်မှန်းထားသည်။ ယင်းသည် ရုရှား၏ ခြိမ်းခြောက်မှုကို ဟန့်တားရန်နှင့်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)၏ ကာကွယ်ရေးကဏ္ဍကို အားကောင်းစေရန် ဂျာမနီက တပ်မဟာတစ်ခု အခြေစိုက်ထားသည့် နေရာလည်း ဖြစ်သည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် က ပီတာသီးလ် ၏ ကုမ္ပဏီအပေါ် လွှမ်းမိုးမှုကိုမေးခွန်းထုတ်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ ရှင်းလင်းချက်များအပေါ် ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့သည်။

ပီတာသီးလ်၏ ရှယ်ယာပိုင်ဆိုင်မှုသည် ၁၀ ရာခိုင်နှုန်းအောက်သာရှိပြီး နည်းပညာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိကြောင်း ကုမ္ပဏီဘက်ကစာဖြင့် အာမခံထားသည်။

ယူကရိန်းစစ်ပွဲအတွင်း ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမှုနှင့် ရုရှား၏ ကျူးကျော်မှုခြိမ်းခြောက်မှုများကြောင့် ယခင်က ဂျာမနီနိုင်ငံတွင် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည့် တိုက်ခိုက်ရေးဒရုန်းဝယ်ယူမှုမှာ ယခုအခါ လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ယခုအစီအစဉ်သည် ဂျာမနီစစ်တပ်ကို တိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်ပေးမည့် ယူရို ၉ ဘီလီယံတန်ဖိုးရှိ နှစ်ရှည်စီမံကိန်း၏ အစပျိုးမှုသာ ဖြစ်သည်။

ကိုးကား The Straits Times

#PSM_News

#သဘောတူညီချက်

#နှစ်ရှည်စီမံကိန်း

#တိုက်ခိုက်ရေးဒရုန်း

#ဂျာမနီ

By Htet Ko