PSM(News)

ဇန်နဝါရီ ၂၇၊ ၂၀၂၆

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးသို့ လျှို့ဝှက်လာရောက်ကာ ယတြာချေ ရန်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက်အစောပိုင်းက မန္တလေးနန်းတွင်း (လပခ) အတွင်းသို့ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ထိုင်းသံအမတ်ကြီးအား လက်ခံ တွေ့ဆုံခဲ့သည့် စစ်ခေါင်းဆောင်သည် ညနေပိုင်းတွင် မန္တလေးသို့ လျှို့ဝှက်တက်လာကာ နန်းတွင်း၌ တည်းခိုမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် “ပြည်တော်ဝင်” ယတြာချေရန် ရှိကြောင်း သတင်းများအရ တော်လှန်ရေးအဖွဲ့များက ကြိုတင်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအဖွဲ့ဖြစ်သည့် Brave Warriors For Myanmar-BWM ၏ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်ခဲ့ရာ သုံး လုံးမှာ နန်းတွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး၏ နေအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း သိရသည်။

“မနက် ၉ နာရီကျော်လောက်က ကျုံးတောင်ဘက်ဂိတ်ကနေ ကားအကောင်းစား လေး စီး ထွက်သွား တာရှိတယ်။ ပြင်ဦးလွင်ဘက် သွားဖို့များပါတယ်။ ဒါပေမဲ့ ပုံမှန်သွားနေကျ လမ်းကြောင်းတွေမှာတော့ အဲ့ဒီကားတန်းကို မတွေ့ရသေးဘူး။ ပြင်စာ ထိတော့ အဲ့ကားတန်းရောက်မလာသေးဘူး။ ရဟတ်ယာဥ်သံလည်း ကနေ့မနက်ပိုင်းမှာ မကြားရသေးဘူး” ဟု မြေပြင်သတင်းရင်းမြစ်က PSM ကို ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မန္တလေးကျုံးဘေးနှင့် နန်းတွင်းပတ်ဝန်းကျင်ရှိ ရပ်ကွက်များတွင် စစ်ကော်မရှင်တပ်များက လုံခြုံရေးအင်အား အလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အခု ကျုံးဘေးအနီးရပ်ကွက်များကို စခ (စစ်ကော်မရှင်တပ်) တွေ ပုံစံမျိုးစုံ နေရာယူထားပါတယ်။ လမ်းမှာတွေ့တဲ့ မသင်္ကာသူများကိုလည်း ဖမ်းဆီးနေပါတယ်” ဟု မန္တလေးဒေသခံတစ်ဦးက PSM News ကို ပြောကြားသည်။

စစ်ခေါင်းဆောင် ကိုယ်တိုင် နန်းတွင်း၌ ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ၎င်းလာရောက် မည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်နှင့်အညီ ယခုကဲ့သို့ အတိအကျ ပစ်ခတ်ခံရခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် အထူးသဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်း တို့တွင် ကျုံးဘေး၌ အားကစားလုပ်သူ၊ လမ်းလျှောက်သူ အရပ်သားများနှင့် ရောနှောအယောင်ဆောင်ကာ စုံစမ်း ထောက်လှမ်းခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။

“ကျုံးဘေးမှာ မိသားစုပုံစံ လမ်းလျှောက်နေသူတွေ၊ အားကစားလုပ်နေသူတွေတိုင်းဟာ ပြည်သူတွေ မဟုတ်ပါဘူး။ အများစုက အရပ်ဝတ်လဲထားတဲ့ စစ်ထောက်လှမ်းရေးတွေပါ။ မနေ့ညနေကဆိုရင် စက်ဘီးစီးပြီး ရုပ်ဖျက်သွားလာနေတာ တွေ့ရတယ်။ နန်းတွင်းထဲ ပြန်ဝင်တဲ့အခါ အလေးပြုခံရတော့မှ အရာရှိတွေမှန်း သိရတာ” ဟု မျက်မြင်တွေ့ရှိသူ မန္တလေးမြို့ခံတစ်ဦးက PSM ကို ပြောသည်။

စစ်ကော်မရှင်သည် နန်းတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် မကြာခဏ အပစ်ခံရမှုအပြင် မန္တလေးမြို့ပေါ်၌ တော်လှန်ရေးအင်အားစုများ၏ စိမ့်ဝင်မှုကို အထူးစိုးရိမ်နေပြီး ကျုံးဘေးတစ်လျှောက်တွင် အရပ်သားပုံစံဖြင့် ကင်းလှည့်ခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

#PSM_News

#စစ်ခေါင်းဆောင်

#မန္တလေးနန်းတွင်း

#ရှော့တိုက်ဒုံး

#ရုပ်ဖျက်လုံခြုံရေး

#စစ်ထောက်လှမ်းရေး

#မန္တလေးကျုံး

By Htet Ko